News

POST TYPE

POPULAR POST

သန်လျင်တွင် အမျိုးသမီးတစ်ဦး လမ်းပေါ် ဓားပြတိုက်ခံရ
28-Jul-2017
ရန်ကုန်၊ ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်တွင် ဇူလိုင်လ ၂၅ ရက် နံနက် ၆ နာရီခွဲက လမ်းလျှောက်လာသည့် အမျိုးသမီး တစ်ဦးကို ဓား၊ ကတ်ကြေး၊ ဝက်အူလှည့်များ ကိုင်ဆောင်ထားသည့် အမည်မသိ သုံးဦးက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများနှင့် ငွေ၊ လက်ကိုင်ဖုန်းတို့အား လုယက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယက်ခံရသည့် အသက် ၃၀ နှစ် အမျိုးသမီးမှာ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယင်းနေ့ နံနက်က ရွှေအင်ကြင်း ယာဉ်မောင်းသင်တန်းသို့ သွားရောက်ရန် အောင်ချမ်းသာကားမှတ်တိုင်သို့ ပဒေသရာဇ်လမ်းအတိုင်း လမ်းလျှောက်လာပြီး ရထားလမ်းအကျော်တွင် အမည်မသိ အမျိုးသားသုံးဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်တစ်စီးမှ ၎င်းအနီးသို့ ရောက်ရှိလာခဲ့သည်။

ဆိုင်ကယ်ပေါ်ပါ အမျိုးသားသုံးဦးက ဓားရှည်တစ်ချောင်း၊ ကတ်ကြေးတစ်လက်နှင့် ဝက်အူလှည့်များဖြင့် ချိန်ရွယ်ပြီး အမျိုးသမီး၏ ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများကို ချွတ်ပေးရန်၊ မပေးပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အမျိုးသမီးရဲ့ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်နဲ့ ဆမ်ဆောင်းဖုန်း တစ်လုံးရယ်၊ ငွေကျပ် ရှစ်သောင်းကျော်ရယ်ကို လုယူသွားတယ်။ အားလုံး စုစုပေါင်းတန်ဖိုးဆို ၁၀ သိန်းကျော်လောက် ရှိမယ်။ လုယက်သူတွေက အသက် ၃၀ ဝန်းကျင်လောက် ရှိတယ်လို့ အမျိုးသမီးရဲ့ ထွက်ဆိုချက်အရ သိရတယ်။ လတ်တလော တရားခံတွေကို မမိသေးပါဘူး။ စုံစမ်းနေဆဲပါ” ဟု ရဲအရာရှိက ပြောကြားသည်။

အဆိုပါ လုယက်မှုနှင့် ပတ်သက်၍ ဇူလိုင်လ ၂၆ ရက် ည ၉ နာရီတွင် လုယက်ခံရသည့် အမျိုးသမီးက ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ အမည်မသိ အမျိုးသားသုံးဦးကို သန်လျင်မြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားပြီး မသင်္ကာသူများကို စုံစမ်းစစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။             

S-03