News

POST TYPE

POPULAR POST

ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ထားသည့် ဒေါ်ထုမေ ALD ပါတီသို့ ဝင်မည်
25-Jul-2017 tagged as ANP ALD


ရန်ကုန် ၊ ဇူလိုင် ၂၅

ရခိုင်အမျိုးသားပါတီ (ANP)မှ နုတ်ထွက်စာ တင်ထားသည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေသည် မကြာသေးမီ ရက်ပိုင်းက မှတ်ပုံတင်ခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)သို့ ပြန်လည် ဝင်ရောက်မည်ဖြစ်ကြောင်း ၎င်းက သတင်းမီဒီယာများသို့ ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားသည်။

ALD  ပါတီကို ထူထောင်သူများနှင့် ANP မှ ထုတ်ပယ်ခံရသူများက ALD ကို ပြန်လည် ဖွဲ့စည်းပြီး ပါတီ၏ နိုင်ငံရေး ရပ်တည်ချက်၊ မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဇူလိုင်လ ၂၅ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဒေါ်ထုမေ အပါအဝင် ပါတီ ခေါင်းဆောင် ဦးကျော်မြင့်နှင့် ပါတီဦးဆောင် အဖွဲ့ဝင်များက တက်ရောက် ရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်ထုမေက ရခိုင်အမျိုးသားပါတီ၏ မူဝါဒများအပေါ် အမြင်မတူမှုများနှင့် သဘောထား တိုက်ဆိုင်ခြင်း မရှိသောကြောင့် ပါတီမှ နုတ်ထွက်ခွင့်ပြုရန် အကြောင်းကြားစာကို ရခိုင်အမျိုးသားပါတီသို့ ပေးပို့သည့်စာကို ဇူလိုင်လ ၂၄ ရက် ရက်စွဲဖြင့် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ANP ပါတီမှ နုတ်ထွက်ရခြင်းသည် မိခင်ပါတီဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်လည် ပေါ်ပေါက်လာသည့်အတွက် ယင်းပါတီသို့ ပြန်လည် ပူးပေါင်းလိုခြင်း၊ ANP ပါတီတွင်းတွင် လွတ်လပ်စွာ ပြောဆိုခွင့် မရှိခြင်းနှင့် ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ခဲ့ရကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောဆိုသည်။

“ကျွန်မတို့ ပြတ်သားရမယ့် အချိန်ကို ရောက်နေပါပြီ။ ကျွန်မက အမျိုးသမီး တစ်ယောက်ဖြစ်တဲ့အတွက် Comfort Zone လို့ပြောတဲ့ သက်သောင့်သက်သာ ရှိတဲ့နေရာမှာ မနေလိုပါဘူး။ လူကြီးတွေ ရှေ့က လုပ်ပါစေ ကျွန်မတို့က နောက်က Follower လုပ်နေမယ့်အခန်းမှာ ကျွန်မ မနေနိုင်ပါဘူး။ ကျွန်မရှိတဲ့ ခွန်အားနဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပြန်ပြီးတော့ ပူးပေါင်းပြီးတော့ အဘက်ဘက်က နိမ့်ကျနေတဲ့ ရခိုင်လူထုရဲ့ အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

၎င်းပါတီနုတ်ထွက်မှုနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းတို့အနေနှင့် နုတ်ထွက်စာကို တစ်စုံတစ်ရာ လက်ခံရရှိခြင်း မရှိသေးဘဲ တယ်လီဖုန်းဖြင့် ဆက်သွယ် အသိပေး အကြောင်းကြားမှုကိုလည်း ယခုအချိန်ထိ လက်ခံရရှိခြင်း မရှိသေးကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့က နိုင်ငံရေး ပါတီဝင်တစ်ဦးက သူတို့ရဲ့ ယုံကြည်ချက်နဲ့အတူ လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်နဲ့ နုတ်ထွက်ပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ နိုင်ငံရေးသမား တစ်ယောက်၊ နိုင်ငံရေးပါတီဝင် တစ်ယောက် အထူးသဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ စည်းနဲ့ ကမ်းနဲ့ ပါတီတစ်ခုမှာရှိတဲ့ ပါတီ စည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ပြီးမှ ပါတီက နုတ်ထွက်သင့်တယ်”ဟု ၎င်းက ဆိုသည်။

ဒေါ်ထုမေသည် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီသို့ ၂၀ဝ၆ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့ ပေါင်းစည်း၍ ရခိုင်အမျိုးသားပါတီ (ANP) ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် ANP ပါတီကိုယ်စားပြုကာ ရမ်းဗြဲနှင့် အမ်းမြို့နယ်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။

ALD အနေနှင့် ရှေ့ဆက်ပါတီ ထူထောင်ရေးတွင် ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ ရခိုင်ပြည်သူတို့၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း မြှင့်တင်ရေးအပြင် ဒေသတွင်း တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုရေး ကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု လက်ရှိ ALD  ပထမခေါင်းဆောင် ဦးကျော်မြင့်က ပြောကြားသည်။

“ကျွန်တော်တို့က ပါတီသစ် တစ်ခုကို ထူထောင်တာ မဟုတ်ပါဘူး။ ဟိုဘက်မှာ ကျွန်တော်တို့ရဲ့ မူဝါဒတွေကို အကောင်အထည် ဖော်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ ကိုယ့်နေရာကို ပြန်ပြီးလာခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် နိုင်ငံတော် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းရင်းသား အခွင့်အရေး တန်းတူရရှိရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း အခြားသော တိုင်းရင်းသား နိုင်ငံရေး အင်အားစုများအပြင် ဒီမိုကရေစီ အင်အားစုများနှင့် လက်တွဲ ပူးပေါင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ALD ပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ခဲ့ပြီး ယင်းအချိန်က ရခိုင်ပြည်နယ်တွင် ကိုယ်စားလှယ် အများဆုံး အနိုင်ရခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP နှင့် ပူးပေါင်း၍ ရခိုင်အမျိုးသားပါတီ ANP အဖြစ် ထူထောင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ANP ပါတီမှ ALD ပါတီဝင် CEC ခြောက်ဦး ထုတ်ပယ်ခံရခြင်းမှစ၍ ပါတီနှစ်ခုပြိုကာ ALD ပါတီဝင်ဟောင်းများသည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအဖြစ် ပါတီထူထောင်ခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပြန်လည် လျှောက်ထားခဲ့ပြီးနောက် ဇူလိုင်လ ၁၈ ရက်တွင် ခွင့်ပြုမိန့် ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်မူ ALD ပါတီ၏ ယခင် ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ရခိုင်အမျိုးသားပါတီတွင် ပါတီဝင်အဖြစ် ကျန်ရှိခဲ့သည်။

J-09