News

POST TYPE

POPULAR POST

ကရင်ပြည်နယ်တွင် မဘသ ဆိုင်းဘုတ်သစ် ထပ်တင်
17-Jul-2017
(ပုံစာ - ကရင်ပြည်နယ် ဘားအံမြို့ သရက်တောကျောင်းတိုက်မုခ်ဦးတွင် မဘသ ဆိုင်းဘုတ်ဟောင်းကို ဖြုတ်၍ မဘသဆိုင်းဘုတ်သစ်တင်သည့် အခမ်းအနားကို ဇူလိုင်လ ၁၆ ရက်က တွေ့ရစဉ်)

ဘားအံ၊ ဇူလိုင် ၁၆

ကရင်ပြည်နယ် ဘားအံမြို့ သရက်တောကျောင်းတိုက်မုခ်ဦး၌ စိုက်ထူထားသော မဘသ ဆိုင်းဘုတ်ဟောင်းကို ဖြုတ်ချ၍ မဘသအမည်ဖြင့် ဆိုင်းဘုတ်ထပ်တင်သည့် အခမ်းအနားကို အဆိုပါ ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) က မဘသအမည်ဖြင့် ဆိုင်းဘုတ်များကို ဖြုတ်သိမ်းရန် ညွှန်ကြားထားသော်လည်း ကရင်ပြည်နယ် မဘသအဖွဲ့က ဆိုင်းဘုတ်အသစ် ထပ်တင်ခဲ့ခြင်း ဖြစ်သည်။

ယင်းဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကရင်ပြည်နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များ၊ ကရင်ပြည်နယ် မဘသဥက္ကဋ္ဌ ဇွဲကပင်ဆရာတော်၊ ကရင်ပြည်နယ် သံဃာနာယကအဖွဲ့ ဆရာတော်များ၊ မဘသအဖွဲ့ဝင်များနှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အချို့မှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။
“မဘသ ဆိုင်းဘုတ်ဟောင်းတွေက မကောင်းတော့ဘူး။ အခုက အသစ်ထပ်မံတင်တာပါ” ဟု ကရင်ပြည်နယ် မဘသ အတွင်းရေးမှူး ဆရာတော် ဦးကေသရိန္ဒ ဆရာတော်က မိန့်သည်။

ထို့အတူ မဘသဆိုင်းဘုတ်တင် အခမ်းအနားသို့ တက်ရောက်လာသော ကရင်တိုင်းရင်းသား လက်နက်ကိုင်များကို ဇွဲကပင်ဆရာတော်ကြီးက အမျိုးဘာသာ သာသနာအတွက် စောင့်ရှောက်ကြရန် မိန့်ကြားခဲ့သည်။

ကရင်ပြည်နယ် အတွင်းရှိ စိုက်ထူထားသော မဘသ ဆိုင်းဘုတ်များကို အာဏာပိုင်များမှ ဖြုတ်ချခြင်း မပြုနိုင်ရန် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် မဘသ အဖွဲ့ဝင်များက အလှည့်ကျ စောင့်ကြည့်နေကြောင်း တွေ့ရသည်။

နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (မဟန) သည် မြန်မာနိုင်ငံအတွင်းရှိ မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖြုတ်သိမ်းရန် မေလ ၂၃ ရက်နေ့က ညွှန်ကြားခဲ့သည်။

မဟန၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက ရဟန်းဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး လူဖြစ်လျှင် တည်ဆဲဥပဒေများဖြင့် အရေးယူမည် ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်။

ထို့အတူ ဇူလိုင်လ ၁၄ ရက်နေ့ နိုင်ငံပိုင်သတင်းဌာနများမှ တစ်ဆင့် မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်၌ မဖြုတ်သိမ်းလျှင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်သဖြင့် မလွှဲမရှောင်သာဘဲ အာဏာစက်ဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။

 “မဘသနဲ့ မဟန ဆရာတော်ကြီးတွေ ယခုဖြစ်နေတဲ့ ပြဿနာရပ်တွေကို နှစ်ဖက်တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာရင် အားလုံးငြိမ်းအေးသွားမှာပါ” ဟု ကရင်ပြည်နယ် မဘသဥက္ကဋ္ဌ ဇွဲကပင် ဆရာတော်က မိန့်သည်။

ထိုကဲ့သို့ မဘသနှင့် မဟနတို့သည် မဘသဆိုင်းဘုတ် ဖြုတ်ချရေးနှင့် ပတ်သက်၍ နှစ်ဖက်အခြေအနေများ တင်းမာမှုများကို နှစ်ဖက်ခေါင်းဆောင် ဆရာတော်များ တွေ့ဆုံဆွေးနွေး၍ အဖြေရှာရန် ကရင်ပြည်နယ် မဘသဥက္ကဋ္ဌ ဇွဲကပင် ဆရာတော်က မဘသ ဆိုင်းဘုတ်တင် အခမ်းအနား၌ မိန့်ကြားခဲ့သည်။

J-07