News

POST TYPE

POPULAR POST

စည်းကမ်းပျက် YBS ယာဉ်များကို မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူရန် ဆုံးဖြတ်
16-Jul-2017

ရန်ကုန်၊ ဇူလိုင် ၁၆

ရန်ကုန်မြို့တွင်း ခရီးသည်တင် YBS ယာဉ်လိုင်းများ၏ စည်းကမ်းပျက်မှုများကို မည်သည့် စည်းကမ်းချက်၊ မည်သည့်ဥပဒေနှင့် အရေးယူမည်ကို သဲကွဲစွာ မဆုံးဖြတ်နိုင်သည့် အခြေအနေတွင် ဇူလိုင်လမှစ၍ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ တစ်ခုတည်းဖြင့်သာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲပြီး ငါးလကျော်ကြာသည့်တိုင် ယခင် မထသ စည်းကမ်း ၁၃၈ ချက်(သို့မဟုတ်) ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေ တစ်ခုခုဖြင့် အရေးယူရန် ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

“အဓိက ၂၀၁၅ မော်တော်ယာဉ် ဥပဒေနဲ့ အရေးယူမယ်။ ၁၃၈ ချက်ဆိုတာ ဟိုအရင် မထသ လက်ထက်က ရေးဆွဲခဲ့တဲ့ စည်းကမ်းချက်ပေါ့။ အခုက မထသ မရှိတော့ဘူးဆိုတော့ ၁၃၈ ချက်လည်း မရှိတော့ဘူး”ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

YBS ယာဉ်လိုင်းများ စတင် ပြေးဆွဲခဲ့ချိန်က ယာဉ်လုပ်သားများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုများကို YRTA အဖွဲ့က စစ်ဆေးခြင်း၊ ပြည်သူများ တိုင်ကြားခြင်းများနှင့် ပတ်သက်၍ အရေးယူရာတွင် မည်သည့်စည်းမျဉ်းနှင့် အရေးယူသည်ကို အတိအကျ ဆုံးဖြတ်ထားခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်လုပ်သားများကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူထားပြီး လမ်းပြောင်းပြန်မောင်းခြင်း၊ အရှိန်ပြင်း မောင်းနှင်ခြင်းများကို လိုင်စင်ပိတ်သိမ်းသည့်အပြင် ထောင်ဒဏ်ပါ ချမှတ်ခြင်းမှာ ဥပဒေအတိုင်း အရေးယူခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အဖွဲ့အစည်းရဲ့ စည်းကမ်းထိန်းသိမ်းရေးထဲမှာတော့ ၁၃၈ ချက်ထဲက ထိရောက်တာကို ပေါင်းစပ်ရေးဆွဲထားတယ်။ အရေးကြီးတဲ့ ပြစ်ဒဏ်ဆိုရင်တော့ ဥပဒေနဲ့ပဲ ဆုံးဖြတ်တယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေကို ၂၀၁၆ ခုနှစ်က ဥပဒေစောင့်ကြည့် လေ့လာရေးအဖွဲ့နှင့် ပညာရှင်များက ပြန်လည် ပြင်ဆင်လျက်ရှိပြီး ၂၀၁၇ ခုနှစ် အကုန်အပြီး ပြင်ဆင်မည်ဖြစ်ကြောင်း အမှတ် ၁ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။

YBS ယာဉ်လိုင်းစနစ် စတင်ချိန်မှ လက်ရှိအချိန်ထိ ယာဉ်လုပ်သားများ စည်းကမ်းဖောက်မှုသည် တစ်လလျှင် ၂၀ဝ၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

J-06


  • VIA