News

POST TYPE

POPULAR POST

ကလေးမြို့တွင် အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်ကြေးရုပ် ရှိသည့်ကွင်းအတွင်း ပထမဆုံးအကြိမ် ကျင်းပမည်
16-Jul-2017
ကလေး၊ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကျင်းပပြုလုပ်မည့် နှစ် (၇၀) မြောက် အာဇာနည်နေ့ အခမ်းအနားကို  ဗိုလ်ချုပ်ကြေးရုပ်တုရှိသည့် ကွင်းအတွင်း  ပထမဆုံးအကြိမ်အဖြစ် စတင် ကျင်းပမည်ဖြစ်ကြောင်း ကလေးခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက ပြောကြားသည်။ 

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က အာဇာနည်နေ့ အခမ်းအနားကို ကလေးမြို့ မြို့တော်ခန်းမတွင်သာ ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင်မူ ဗိုလ်ချုပ်ကြေးရုပ်တုရှိပြီး ဇူလိုင်လ ၁၉ ရက်နေ့ အပြီးတည်ဆောက်နေသည့် အာဇာနည် ကျောက်တိုင်ရှိရာ ကွင်းအတွင်း လွမ်းသူ့ပန်းခွေချသည့် အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့)တွင် ကလေးမြို့ ဘူတာရုံရှိ ရထားမှ ဥဩဆွဲခြင်း၊ ခရိုင်မီးသတ်ရုံးမှ မီးသတ်ကားဖြင့် ဥဩဆွဲခြင်း၊ မြို့တော်ခန်းမရှေ့တွင် ရပ်ထားသည့် မီးသတ်ကားများမှ ဥဩဆွဲခြင်း စသည့်အစီအစဉ်ကို ထည့်သွင်းမည်ဖြစ်ပြီး ဥဩဆွဲသည်ကို ကြားသည်နှင့်တစ်ပြိုင်နက် ပြည်သူများအနေနှင့် ရပ်တန့်ပြီး အလေးပြုပေးရန် နှိုးဆော်ထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ 

ထို့ပြင် အာဇာနည်နေ့တွင် ကလေးခရိုင်အတွင်းရှိ အလံအားလုံး အလံတိုင် တစ်ဝက် လွှင့်ထူကြရန် နှိုးဆော်ထားပြီး အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီကိုလည်း ကလေးခရိုင်အတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်း ဖွဲ့စည်းထားကြောင်း ဦးအောင်ဇော်မိုးက ပြောကြားသည်။

“ခေတ်အဆက်ဆက် ကျပ်တည်းတဲ့ ကာလတွေတုန်းကတောင်မှ အာဇာနည်နေ့ကို လူငယ်အဖွဲ့တွေ လုပ်ခဲ့ကြတယ်။ အခု နိုင်ငံရေး အပြောင်းအလဲအရ  အခုလို လုပ်တဲ့အပေါ်ကို ဝမ်းသာပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ဒီထက်ပိုပြီး ဒီအခမ်းအနားမှာ ပါဝင်လာအောင် စည်းရုံးဖို့တော့ လိုအပ်သေးတယ်”ဟု အထက်ချင်းတွင်းလူငယ်ကွန်ရက်မှ ဒါရိုက်တာ ဦးကျော်သက်ဝင်းက ဆိုသည်။

R-20


  • VIA