News

POST TYPE

POPULAR POST

ကရင်ပြည်နယ်သို့ မစ္စရန်ဟီးလီ ပထမဆုံးအကြိမ်လာရောက်
16-Jul-2017

ဘားအံ၊ ဇူလိုင် ၁၆

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကမ္ဘာကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီးလီသည် ယနေ့ (ဇူလိုင်လ ၁၆ ရက်)တွင် ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိပြီး ဒေသခံအချို့၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သီရိဘားအံဟိုတယ်တွင် သီးသန့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဒုက္ခသည်များကိစ္စ၊ မြေမြုပ်မိုင်း၊ မြေယာနှင့် သယံဇာတ၊ ကျား-မ ရေးရာ၊ ရိုးရာယဉ်ကျေးမှု၊ တရားဥပဒေ စိုးမိုးရေးနှင့် အကျင့်ပျက်ချစားမှုဆိုင်ရာများကို အစုအဖွဲ့လိုက် အချိန်ခွဲ၍ ဆွေးနွေးခဲ့သည်ဟု အရပ်ဘက်အဖွဲ့များထံမှသိရသည်။

“ကျွန်မတို့တွေ၊ အဓိက ဆွေးနွေးဖြစ်တာကတော့ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကိစ္စပါ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စလဲ ဆွေးနွေးဖြစ်တယ်၊ အဓိကကတော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကိစ္စပေါ့”ဟု သဘာဝ ပတ်ဝန်းဆိုင်ရာ တတ်ကြွလှုပ်ရှားသူ ဒေါ်ယုဇနဝင်းက ပြောကြားသည်။

တွေ့ဆုံပွဲတွင် မိမိတို့ဘက်က တင်ပြရခြင်းသာရှိပြီး ပြန်လည် ဖြေကြားတာမျိုး မရှိသေးသောကြောင့် အစီရင်ခံစာ ထွက်လာမှသာ မည်သို့ ဖြစ်မည်ဆိုသည်ကိုသိရမည်ဟု ၎င်းကဆိုသည်။

မစ္စရန်ဟီးလီသည် မွန်းလွဲ ၁ နာရီကလည်း ပြည်ထောင်စုအစိုးရ ရိပ်သာတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ယနေ့ ဘားအံမြို့တွင် တစ်ညတည်းခိုပြီး ဇူလိုင်လ ၁၇ ရက်တွင် လှိုင်းဘွဲ့မြို့နယ်သို့ ဆက်လက် သွားမည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

R-17


  • VIA