News

POST TYPE

POPULAR POST

ရင်ချင်းဆက်အမြွှာ ခွဲစိတ်မှု အောင်မြင်
16-Jul-2017
ရန်ကုန်၊ ဇူလိုင် ၁၆
 
ရန်ကုန်ကလေးဆေးရုံကြီး၌ အဋ္ဌမအကြိမ်မြောက် ခွဲစိတ်ခဲ့သည့် ရင်ချင်းဆက်အမြွှာ ခွဲစိတ်မှု အောင်မြင်ကြောင်း ယင်းဆေးရုံကြီး၏ ကလေးခွဲစိတ် အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာအေးအေးက ပြောကြားသည်။

“ကလေးတွေရဲ့ ကျန်းမာရေး တည်ငြိမ်သွားရင် ဝဒ်ထဲပြန်ထားပါမယ်။ အခုလက်ရှိကတော့ ခွဲခန်းထဲမှာပဲ ကုသမှုပေးမှာပါ။ သူတို့ရဲ့ အခြေအနေပေါ် မူတည်ပြီး ခွဲခန်းထဲမှာ သုံးရက်၊ ဒါမှမဟုတ် ငါးရက် စောင့်ရှောက်မှု ပေးသွားမယ်။ ကောင်းကောင်းနေကောင်းပြီဆိုရင် မိဘတွေလက်ထဲ ပြန်ပေးမှာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ခွဲစိတ်မှုကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီတွင် အဖွဲ့နှစ်ဖွဲ့ခွဲကာ စတင်ပြုလုပ်ခဲ့ပြီး နံနက် ၁ဝ နာရီ ၂၄ မိနစ်တွင် ခွဲစိတ်မှု အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း၊ ယခုခွဲစိတ်မှုကို အမျိုးသမီး ဆရာဝန်များ ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဆေးရုံထံမှ သိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့က ခွဲစိတ်သည့် ရင်ချင်းဆက်အမြွှာ စိုင်းခမ်းနှင့် စိုင်းငင်းတို့ကို ၂၀၁၅ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးတွင် မွေးဖွားခဲ့ပြီးနောက် ရန်ကုန်ကလေးဆေးရုံကြီး ခွဲစိတ်ကုသဆောင်- ၁ သို့ ၂၀၁၅ ခုနှစ် မေလ ၄ ရက်နေ့တွင် လွှဲပြောင်းရောက်ရှိခဲ့ကြောင်း၊ ယင်းကလေးနှစ်ဦးသည် အသည်းချင်း ထိစပ်လျက်ရှိပြီး ကျန်ကိုယ်တွင်း အင်္ဂါများသည် သီးခြားစီဖြစ်ကြောင်း၊ မွေးကင်းစမှ ယခုအချိန်အထိ ကြီးကြီးမားမားရောဂါ မရှိဘဲ ပုံမှန်ကိုယ်ခန္ဓာနှင့် ဦးနှောက်ဖွံ့ဖြိုးမှု ရှိကြောင်း ဆေးရုံမှတ်တမ်းများအရ သိရသည်။

J-12