News

POST TYPE

POPULAR POST

မဘသ ဆိုင်းဘုတ်များကို ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်မဘသ အဖွဲ့ဝင်များက ကာကွယ်မည်ဟုဆို
15-Jul-2017
ဘားအံ၊ ဇူလိုင် ၁၅

ကရင်ပြည်နယ်အတွင်းရှိ မဘသ ဆိုင်းဘုတ်များကို ကရင်လက်နက်ကိုင် အဖွဲ့များ အပါအဝင် ပြည်နယ် မဘသ အဖွဲ့ဝင်များက အသက်နှင့်လဲ၍ ကာကွယ်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ဘားအံမြို့ သရက်တောကျောင်းတိုက် ဆရာတော် ဦးကေသရိန္ဒ (ကရင်ပြည်နယ် မဘသ အတွင်းရေးမှူး)က The Voice သို့ မိန့်သည်။

“ကရင်ပြည်နယ် မဘသအဖွဲ့ဝင်တွေက မဘသ ဆိုင်းဘုတ်ကို ဖြုတ်ခွင့်မပြုဘူး။ ကရင်လက်နက်ကိုင် အဖွဲ့တွေ အပါအဝင် ပြည်နယ် မဘသအဖွဲ့တွေက အသက်နဲ့ခန္ဓာလဲပြီး ကာကွယ်သွားမှာဖြစ်တယ်”ဟု ဆရာတော် ဦးကေသရိန္ဒ (ကရင်ပြည်နယ် မဘသ အတွင်းရေးမှူး)က မိန့်သည်။

လက်ရှိတွင် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ (မဟန)သည် မြန်မာနိုင်ငံအတွင်းရှိ မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်၌ နောက်ဆုံးထား အပြီးဖြုတ်သိမ်းရန် မေလ ၂၃ ရက်၌ ညွှန်ကြားခဲ့သည်။

မဟန၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါ ရဟန်းဖြစ်လျှင် သံဃာ့ အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး လူဖြစ်ပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်။

ယင်းသို့ ညွှန်ကြားချက် ထုတ်ခဲ့သော်လည်း ကရင်ပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် မဘသအမည်ကို ဆက်လက် သုံးစွဲသွားမည်ဟု ယင်းမဘသ အဖွဲ့အစည်းများက တုံ့ပြန်ခဲ့သည်။

ယင်းနောက် ဇူလိုင်လ ၁၄ ရက် နိုင်ငံပိုင် သတင်းဌာနများမှတစ်ဆင့် မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်၌ မဖြုတ်သိမ်းလျှင် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်သဖြင့် မလွဲမရှောင်သာဘဲ အာဏာစက်ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ထပ်မံ ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်၌ ကရင်ပြည်နယ် အတွင်းရှိ မဘသဆိုင်းဘုတ်များ စိုက်ထူထားသော ဘားအံမြို့၊ လှိုင်းဘွဲ့မြို့နှင့် မြဝတီမြို့များ၏ ယင်းဆိုင်းဘုတ်များ တည်ရှိရာ နေရာများ၌ ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့နှင့် မဘသ အဖွဲ့ဝင်များသည် စောင့်ကြည့်လျက်ရှိကြောင်း The Voice သတင်းစာမှ စုံစမ်းသိရှိရသည်။

ထို့ပြင် ကရင်ပြည်နယ် ဘားအံမြို့ရှိ မဘသဆိုင်းဘုတ် စိုက်ထားရာနေရာဖြစ်သော သရက်တောကျောင်းတိုက်၌ မူလ ဆိုင်းဘုတ်ကိုဖြုတ်ချ၍ မဘသအမည်ဖြင့် ဆိုင်းဘုတ်နှစ်ခု ထပ်မံစိုက်ထူရန် စီစဉ်လျက်ရှိသည်။

“ဇွဲကပင် ဆရာတော်ကြီးက လက်ရှိ အဓိဋ္ဌာန်  ဝင်နေတယ်။ တနင်္ဂနွေနေ့လောက်ဆို မှုလဆိုင်းဘုတ်ကို ဖြုတ်ပြီး မဘသ အမည်နဲ့ ဆိုင်းဘုတ်ကို ပြန်လည်စိုက်ထူမှာပါ။ မူလဆိုင်းဘုတ်က စည်ပင်မြေမှာ ဖြစ်နေတယ်။ အခုက ကျောင်းမြေမှာ စိုက်ထူမှာပါ”ဟု သရက်တော ကျောင်းတိုက်ဆရာတော် ဦးကေသရိန္ဒ (ကရင်ပြည်နယ် မဘသ အတွင်းရေးမှူး)က ဆက်လက် မိန့်သည်။

ကရင်ပြည်နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များသည် အမျိုး ဘာသာ စောင့်ရှောက်ရေးကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်မှ ယနေ့အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ်ရှိ ကရင် တိုင်းရင်းသား လက်နက်ကိုင်များသည် အမျိုးဘာသာအတွက် ကာကွယ်ရန် အသင့်ရှိနေသည်ဟု ဆရာတော် ဦးကေသရိန္ဒက မိန့်ကြားသည်။

“ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေမှာ အမျိုးဘာသာကို ကာကွယ်ရမယ်ဆိုတဲ့ ရပ်တည်ချက်ရှိတယ်”ဟု ဦးကေသရိန္ဒက ဆက်လက်မိန့်သည်။

လက်ရှိအချိန်၌ ကရင်ပြည်နယ်ရှိ မဘသဆိုင်းဘုတ်များကို အာဏာစက်ဖြင့် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသော်လည်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံ လုံခြုံရေး တောင်းခံထားခြင်း မရှိကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထို့ပြင် အဆိုပါ ဆိုင်းဘုတ်ဖြုတ်ချရေးနှင့်ပတ်သက်၍ ပြည်နယ်သာသနာရေးမှ အင်အားသုံး လုပ်ဆောင်သွားမည် မဟုတ်ဘဲ အခြေအနေ အရပ်ရပ်ကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

“သာသနာရေးဌာနအနေနဲ့ စောင့်ကြည့်နေတယ်၊ ထိပ်တိုက်တွေ့ဆုံမှု လမ်းကြောင်းက သွားမှာတော့ မဟုတ်ဘူး၊ သူတို့ကတော့ ထိပ်တိုက် ရင်ဆိုင်ဖို့ တာစူနေကြတယ်၊ ဥပဒေအတိုင်း လုပ်ဆောင်သွားမှာပါ”ဟု ကရင်ပြည်နယ် သာသနာရေးနှင့် မွန်တိုင်းရင်းသားဝန်ကြီး ဦးမင်းတင်ဝင်းက ပြောကြားသည်။

J-07, R-17


  • VIA