News

POST TYPE

POPULAR POST

ဧရာဝတီမြစ်ရေ မြို့ကြီးအချို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်တက်မည်
15-Jul-2017
ရန်ကုန်၊ ဇူလိုင် ၁၅

ဧရာဝတီမြစ်ရေသည် ပခုက္ကူ၊ ညောင်ဦးနှင့် ဟင်္သာတစသည့်မြို့ကြီးများတွင် စိုးရိမ်ရေမှတ်သို့ ကျော်လွန် ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း မြစ်ရေမှာ ဆက်လက်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါမြစ်ရေသည် ပခုက္ကူမြို့နှင့် ဟင်္သာတမြို့တို့တွင် ပေဝက်ခန့်စီ၊ ညောင်ဦးမြို့တွင် တစ်ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်း ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ပေဝက်ခန့်စီ၊ နောက်သုံးရက်အတွင်း ဟင်္သာတမြို့တွင် တစ်ပေခန့်စီ ဆက်လက် တက်လာနိုင်သည့်အတွက် ရေကြီးရေလျှံမှု အန္တရာယ်ကို သတိပြုနေထိုင်ရန် လိုအပ်ကြောင်း ယင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။ 

“မိုးအားကောင်းနေတဲ့အတွက် မြစ်ရေ ဆက်တက်လာနိုင်ဖို့ရှိတဲ့အခါ သတိပြုဖို့လိုပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ ကနီမြို့တို့တွင် စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သော်လည်း မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မင်းကင်းမြို့တို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားသည်။

အလားတူ ငဝန်မြစ်ရေသည် ငါးသိုင်း ချောင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်သုံးရက်အတွင်း တစ်ပေခန့် ဆက်လက် တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ယင်းကဲ့သို့ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့တွင် မြစ်ရေများ မြင့်တက်နေမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် လက်ရှိ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ဒေသခံများသည် ရေလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ရလျက်ရှိပြီး သီးနှံစိုက်ခင်း အများစုလည်း ရေနစ်မြုပ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုများ ရှိနေသည်။

E-03


  • VIA