News

POST TYPE

POPULAR POST

ယခုနှစ်ကုန်ပိုင်းမှ စတင်၍ ပါတီမှတ်ပုံတင်ခြင်း ဆောင်ရွက်မည်ဟု ဦးကိုကိုကြီး ပြော
15-Jul-2017

ရန်ကုန်၊ ဇူလိုင်  ၁၅ 

ယခုနှစ်ကုန်ပိုင်းမှ သို့မဟုတ် ၂၀၁၈ ခုနှစ် နှစ်စပိုင်းမှ စတင်၍ ပါတီမှတ်ပုံတင်ခြင်းများကို စတင် လှုပ်ရှားသွားမည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးက ပြောကြားလိုက်သည်။

ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဓမ္မပီယကျောင်းတိုက်တွင် ပြုလုပ်သည့် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားတွင် ဦးကိုကိုကြီးက ပါတီမျှော်မှန်းချက်များနှင့် ပတ်သက်၍ ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပါတီတစ်ခု ထူထောင်မှုသည် အနီးဆုံး ရွေးကောက်ပွဲ (၂၀၂၀) ကို ဦးတည်သော်လည်း ၎င်းတို့အနေနှင့် ရေရှည်မျှော်မှန်းချက်ဖြစ်ပြီး ယခုအချိန်ထိ မရောက်ရှိသေးသည့် နိုင်ငံတော် တည်ဆောက်ရေး အပိုင်းကို ဦးတည် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

“အဓိကကတော့ ကျွန်တော်တို့ စိတ်ထဲမှာ နိုင်ငံတော် တည်ဆောက်ရေးပိုင်းကို အခုချိန်ထိ မရောက်သေးဘူးလို့ ခံစားရတယ်။ အုပ်စုတိုက်ပွဲတွေနဲ့ တစ်ချိန်လုံး ဖြတ်သန်းလာရတဲ့အခါမှာ ဒီမိုကရေစီစနစ်မှာ အုပ်စုသဘာဝတွေကတော့ မပျောက်ဘူးရှိမှာပဲ။ ဒါပေမဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ ဖြေရှင်းတတ်တဲ့ ယဉ်ကျေးမှု ပေါ်လာရင် တိုက်မယ်ချမယ် အခြေအနေမျိုးကနေ မတူဘူး၊ မလုပ်ဘူး။ တူရင် ပေါင်းလုပ်မယ်ဆိုတဲ့ အခြေအနေမျိုး ရောက်ဖို့အထိ ကျွန်တော်တို့က ရည်ရွယ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပါတီဝင် စုဆောင်းသည့်အဆင့်မှ ပြည်သူများကို ၎င်းတို့၏ မူဝါဒများကိုချပြခြင်း၊ ပြည်သူများ၏ အခက်အခဲများကို လက်ခံဆွေးနွေး အကြံပေးခြင်း၊ တတ်နိုင်သလောက် ဝင်ရောက် ဖြေရှင်းခြင်းများဖြင့် စည်းရုံးသွားရန် ရည်ရွယ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

နိုင်ငံရေးပါတီ တစ်ရပ်ပေါ်ထွန်းရေးအတွက် လက်ရှိတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ အပါအဝင် ၁၉၆၂ ခုနှစ်မှ ၂၀ဝ၇ ခုနှစ်အထိ နိုင်ငံရေး တက်ကြွလှုပ်ရှားခဲ့သူများ၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဒီမိုကရေစီ တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်ရဲဘက်များ စုပေါင်းကာ နိုင်ငံရေးပါတီတစ်ခု ဖွဲ့စည်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားများနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ ငါးရာခန့် စုပေါင်းပြီး နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းရေး ပထမလုပ်ငန်းစဉ်ဖြစ်သည့် တွေ့ဆုံ ဆွေးနွေးပွဲကို မတ် ၃၀ နှင့် ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI)တွင် ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးချက်များကို စုစည်းပြီး ယခုဇူလိုင်လ ၁၅ ရက်တွင် ပါတီဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

အဆိုပါ အစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ဒေသအသီးသီးမှ တက်ရောက်သူ တစ်ရာကျော် ပါဝင် ဆွေးနွေးနေပြီး ပါတီဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းခြင်းအပြင် ကော်မတီသက်တမ်းအတွင်း ပါတီယေဘုယျ အခြေခံမူများကို အတည်ပြု ဆွေးနွေးကြမည် ဖြစ်သည်။

၎င်းတို့အနေနှင့် ၂၀၂၀ ရွေးကောက်ပွဲကို ဦးတည်လျက် နိုင်ငံရေး လှုပ်ရှားမှုများ အကောင်အထည် ဖော်သွားမည်ဖြစ်သည်။  

J-09


  • VIA