News

POST TYPE

POPULAR POST

သဗ္ဗညုဘုရား ၂၀၁၈ ခုနှစ်မှ စပြင်မည်
15-Jul-2017

မန္တလေး၊ ဇူလိုင် ၁၅

ပုဂံရှးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဧပြီလအတွင်းမှသာ စတင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သဗ္ဗညုဘုရား ဆိုးရွားစွာ ထိခိုက်ခဲ့ရာ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းနှင့် ကုန်ကျမည့် ငွေကြေးများကို တရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။

“ဒီမှာ ကွင်းဆင်းလေ့လာတာတွေ လုပ်ပြီးပြီ။ အဲဒီကွင်းဆင်း လုပ်ငန်းနဲ့ပတ်သက်ပြီး ဩဂုတ်လပိုင်းကုန်မှာ တရုတ် ပညာရှင်အဖွဲ့က အစီရင်ခံစာ တင်ပြရမယ်။ သူတို့တင်ပြမယ့် အစီရင်ခံစာမှာ ကုန်ကျစရိတ်တွေ၊ အချိန်ဘယ်လောက် ယူရမယ်ဆိုတဲ့ အချက်တွေပါမယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းရန် နိုင်ငံတကာမှ ပညာရှင်များ ပါဝင်သည့်အဖွဲ့ ပုဂံပြတိုက်တွင် ဖေဖော်ဝါရီလ ၁၅ နှင့် ၁၆ ရက်နေ့တို့က ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံက ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းရန်အတွက် အမေရိကန် ဒေါ်လာတစ်သန်း လှူဒါန်းခဲ့သည်။

ငလျင်ကြောင့် သဗ္ဗညုဘုရား၏ ကွမ်းတောင် အခြေအက်ကွဲခြင်း၊ ကွမ်းတောင် အပါအဝင် ကွမ်းတောင် အောက်ခြေတိုင်များ ပျက်စီးခဲ့ကြောင်း၊ လတ်တလောတွင် အရေးပေါ် ထိန်းသိမ်းသည့်အနေနှင့် အက်ကွဲကြောင်းများ ဖာထေးခြင်း၊ ဘုရားပေါ်မှ ပြုတ်ကျနိုင်သည့် အရာများကို ဖယ်ရှားခြင်း၊ ဝိတ်လျှော့ခြင်း၊ အမိုးအကာများ အုပ်မိုးခြင်းနှင့် ဒေါက်ထောက်ခြင်းများ ပြုလုပ်ထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှတ်တမ်းများအရ သိရသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရားစေတီ ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ရသည်။ 

တရုတ်နိုင်ငံက ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ပေးမည့် သဗ္ဗညုဘုရားသည် ကွမ်းတောင်ပေါက်လိုဏ် လေးဆင့်ဂူဘုရားဖြစ်ပြီး အလောင်းစည်သူမင်းကြီးက အေဒီ (၁၁၄၄) တွင် တည်ထားခဲ့ရာ ပုဂံဘုရားများအနက် ဉာဏ်တော် အမြင့်ဆုံးဘုရား တစ်ဆူဖြစ်ကာ ဉာဏ်တော်အမြင့် ပေ ၂၁၀ ရှိသည်။

M-05


  • VIA