News

POST TYPE

POPULAR POST

ဒေါ်ခင်ကြည်ဆေးရုံ ဩဂုတ်လတွင် ဖွင့်မည်
15-Jul-2017

ရန်ကုန်၊ ဇူလိုင် ၁၅

ဒေါ်ခင်ကြည်ဆေးရုံ (သို့) ဗဟန်း အမျိုးသမီးဆေးရုံကို အဆင့်မြှင့်တင်ကာ ပြုပြင်လျက်ရှိပြီး ဩဂုတ်လ နောက်ဆုံးပတ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က ပြောကြားသည်။

တရုတ်သံရုံးက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ပထမဦးဆုံး “တရုတ်-မြန်မာ ချစ်ကြည်ရေးဆေးရုံ”အဖြစ် တည်ထောင်ရန် ဒေါ်ခင်ကြည် ဆေးရုံကို အဆင့်မြှင့်တင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အမျိုးသားခေါင်းဆောင်ကြီးရဲ့ ဇနီးလည်းဖြစ်တယ်။ ပြီးတော့ ပြည်သူတွေလည်း ဒီဆေးရုံကို သိရှိပြီးဖြစ်တယ်။ ဆေးရုံက ဒေါ်ခင်ကြည်က အမည်ရှိထားတဲ့အတွက်   ပြည်သူတွေလည်း အကျိုးရှိပြီး ထင်ပေါ်ကျော်ကြားလာအောင် အခုလို အဆင့်မြှင့်တင်ပြီး ခမ်းခမ်းနားနား ဖွင့်လှစ်သွားမယ်”ဟု ဦးသောင်းထွဋ်က ဆိုသည်။

ဒေါ်ခင်ကြည်ဆေးရုံသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင်ရှိပြီး မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ကောင်စီလက်ထက်တွင် အမျိုးသမီးဆေးရုံအဖြစ် အမည်ပြောင်းခဲ့ကြောင်းနှင့် ယခု အစိုးရလက်ထက်တွင် ဒေါ်ခင်ကြည် ဆေးရုံအဖြစ် ပြန်လည် ဖွင့်လှစ်မည်ဖြစ်သည်။

ဒေါ်ခင်ကြည်ဆေးရုံကို ၂၀၁၆ ခုနှစ် နိုဝင်ဘာက စတင်ပြုပြင်ခဲ့ပြီး ယခုလက်ရှိ အဆင့်မြှင့်တင်ပြီးပါက ခုတင် ၅၀ ဆံ့ ဆေးရုံအဖြစ် ဖွင့်လှစ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ခုတင် ၁၀ဝ ဆံ့အထိ တိုးမြှင့်ကာ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

“အခုလို အဆင့်မြှင့်တင်ပြီး ဖွင့်လှစ်မယ်ဆိုတော့ ပြည်သူတွေအတွက် ဝမ်းသာစရာပါ။ ဗိုလ်ချုပ်ရဲ့ဇနီး ဒေါ်ခင်ကြည် ဆေးရုံအဖြစ် ပြန်လည် ဖွင့်လှစ်တော့ အမှတ်ရစရာ ဖြစ်ပါတယ်။ ဗဟန်းမြို့နယ်က ပြည်သူတွေလည်း အဝေးကြီး မသွားရတော့ဘူး”ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူ ဒေါ်ခင်မြင့်က ဆိုသည်။

J-10

  • VIA