News

POST TYPE

POPULAR POST

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို NLD ခေါင်းဆောင်ပိုင်းက ခေါ်ယူသတိပေး
15-Jul-2017

ရန်ကုန်၊ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး ဝန်းကြီးချုပ် ဦးဖြိုးမင်းသိန်းကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ပတ်သတ်သည့် ပြောစကားနှင့် ပတ်သတ်၍ NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းက ခေါ်ယူ သတိပေးဆုံးမခဲ့ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည်။

ဦးဖြိုးမင်းသိန်းကို ခေါ်ယူသတိပေး ဆုံးမခဲ့သည်အပြင် ပါတီတွင်း ရုံးအမိန့်စာ ထုတ်ကာ သတိပေးမှု ပြုလုပ်ခဲ့သောလည်း ပါတီမှ ထုတ်ပယ်ထားခြင်း မရှိကြောင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဒီမိုကရေစီခေတ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ညွန်ကြားရေးမှူးချုပ်အဆင့်သာ ရှိသည်ဆိုသော ပြောကြားချက်နှင့်ပတ်သတ်ပြီး ၎င်းအား NLD ပါတီက ခေါ်ယူသတိပေး ဆုံးမသော ကြေညာချက် တစ်စောင်ကို ဇူလိုင် ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ (၉) ရက်နေ့၌ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် USAID နှင့် ပူးပေါင်း ပြုလုပ်ခဲ့သော နိုင်ငံရေး အကျဉ်းသားများအတွက် အလုပ်အကိုင် ဖန်တီပေးရေး၊ အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းပြောကြားခဲ့သည့် ကိစ္စနှင့်ပတ်သတ်၍ ဦးဖြိုးမင်းသိန်းအား သတိပေး ဆုံးမလိုက်သည်ဟု NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ဆိုသည်မှာ ဒီမိုကရေစီခေတ်တွင် မရှိကြောင်း ကာကွယ်ရေးဦးစီးချုပ် ဆိုသည်မှာ Protocoal အရ ညွှန်ကြားရေးမှူးချုပ် Level ဖြစ်ကြောင်း ပြောကြားခဲ့ရာ အဆိုပါ ပြောကြားချက်အပေါ် တပ်မတော်က လိုအပ်သလို စိစစ်အရေးယူပေးရန် အစိုးထံ တိုင်ကြားခဲ့ပြီးနောက် ဦးဖြိုးမင်းသိန်း သတိပေးခံခဲ့ရခြင်းဖြစ်သည်။

တပ်မတော်က အဆိုပါ တိုင်ကြားချက်ကို ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် နှစ်ကြိမ်တိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အဆိုပါ ပြောကြားချက်သည် အစိုးရ၏ သဘောထား ရပ်တည်ချက် မဟုတ်ကြောင်း အဆိုပါပြောကြားချက်သည် အစိုးရနှင့် တပ်မတော်ကြား အထင်အမြင် လွဲမှားမှုကို ဖြစ်ပေါ်စေကြောင်းနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဆောင်ရွက်ရမည့်အပိုင်းများကို ညွှန်ကြားထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားသည်။

J-08


  • VIA