POST TYPE

POPULAR POST

လက်ဖက်ရည်ဆိုင်ရှေ့ မူးယစ်ဆေးရောင်းဝယ်သူ နှစ်ဦးကို ဖမ်းမိ
15-Jul-2017 tagged as မူးယစ်ဆေးဝါး

တောင်ငူ၊ ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၁၆ ရပ်ကွက် ကုန်သည်ကြီးလမ်းရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှေ့တွင် ဇူလိုင်လ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။

လိုက်ထရပ်ယာဉ် အဖြူရောင်တစ်စင်းနှင့်အတူ တန်ဖိုးငွေ ကျပ်၂၆ သိန်းကျော် ရှိသည့် တရားမဝင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု တောင်ငူမြို့နယ် အမှတ်၂ နယ်မြေရဲစခန်းမှ သိရှိရသည်။

အဆိုပါနေ့က ဆိုင်ရှေ့တွင် လိုက်ထရပ်ယာဉ်တစ်စင်းနှင့်အတူ ရောက်ရှိနေသည့် ဖြူးမြို့နယ် ရုံးရပ်ကွက်နေ အသက် ၂၇ နှစ်အရွယ် ဦးစည်သူအောင် (ခ) အငယ်လေးဆိုသူနှင့် အသက်၂၄ နှစ်အရွယ် ဦးသူရအောင်ဆိုသူတို့ နှစ်ဦးကို တွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့က ၎င်းတို့ ပါလာသည့် လိုက်ထရပ်ယာဉ်ကို စစ်ဆေးရှာဖွေရာမှ တန်ဖိုးငွေကျပ်၂၆၃၅၀၀၀ ရှိသည့် WY အမှတ်သားပါသော စိတ်ကြွဆေးပြား ၅၂၇ ပြားနှင့် ဆေးရောင်းချငွေဟု ယူဆရသည့် ငွေစက္ကူရောရာ ၈၉၅၀၀ ကျပ်ကို သိမ်းဆည်ရမိခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၁၄ရက် နံနက် ၆ နာရီခန့်ကလည်း တောင်ငူမြို့နယ် အမှတ် ၁၁ ရပ်ကွက် နေအိမ်တစ်အိမ်တွင် တန်ဖိုးငွေ ကျပ်သိန်း၂၅၀ ကျော်ခန့် ရှိသည့် စိတ်ကြွဆေးပြားများနှင့် လက်နက်အချို့ ကို ရှာဖွေဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများနှင့် လက်ဝယ်တွေ့ရှိသည့် ဦးဇော်မြင့် (ခ) ဇော်ဇော်ဆိုသူကို တောင်ငူမြို့နယ် အမှတ်၂ နယ်မြေရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသည့် ဦးစည်သူအောင် (ခ) အငယ်လေးနှင့် ဦးသူရအောင်တို့ကို တောင်ငူမြို့နယ် အမှတ်၂ နယ်မြေရဲစခန်းမှ မူးယစ် (ပ)၅/၂၂၁ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်ဟု အဆိုပါ ရဲစခန်းမှစုံစမ်းသိရှိရသည်။

R-15