POST TYPE

POPULAR POST

၁၀ နှစ်အတွင်း နည်းပညာရှင် ၃၀၀၀ ထွက်ရေး တရုတ်နှင့် အမေရိက တက္ကသိုလ်များ ပူးပေါင်း
14-Jul-2017 tagged as နည်းပညာ

ဝါရှင်တန်၊ ဇူလိုင် ၁၃

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် တက္ကသိုလ်နှင့် တရုတ်ဆင်ဟွာတက္ကသိုလ်တို့ ပူးပေါင်းပြီး နှစ်နိုင်ငံ GIX (Global Innovation Exchange) အစီအစဉ်အရ၊ ဝါရှင်တန်၊ ဘယ်လီဗူးအရပ်တွင် နည်းပညာကျောင်း တစ်ကျောင်းကို တည်ထောင်ပြီး ၁၀ နှစ်အတွင်း နည်းပညာရှင် ၃၀၀၀ ပေါ်ထွက်ရေးကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Geek Wire သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်းလုံးရှိ အမေရိက၊ တရုတ်၊ အိန္ဒိယ၊ ပြင်သစ်၊ ထိုင်ဝမ်၊ ဆွစ်ဇာလန်၊ ပါရဂွေး၊ အက်စ်တိုးနီးယားနှင့် ကနေဒါနိုင်ငံများမှ ကျောင်းသားများကို GIX အစီအစဉ်ဖြင့် လက်ခံသင်ကြားပေးပြီး မွေးထုတ်သွားရန် စီစဉ်ထားကြောင်း ယင်းသတင်းက ဆိုသည်။

နှစ်နိုင်ငံ ပူးပေါင်းပြီး နည်းပညာရှင်များ မွေးထုတ်ရေးကို ၂၀၁၅ ခုနှစ် ကတည်းက စတင်ဆောင်ရွက်နေခြင်း ဖြစ်ပြီး ကမ္ဘာကျော် ဆော့ဖ်ဝဲကုမ္ပဏီကြီး ဖြစ်သည့် Microsoft က ဒေါ်လာ သန်း ၄၀ ရင်းနှီးမတည်ပေးထားသည်။

GIX ကျောင်းတွင် လာရောက်ပညာသင်ယူမည့် ကျောင်းသားများသည် ဆင်ဟွာနှင့် ဝါရှင်တန် တက္ကသိုလ်တို့မှ ဆရာများ၏ ပို့ချမှုကို ခံယူရမည်ဖြစ်ပြီး နှစ်နိုင်ငံတွင် တစ်လှည့်စီ သွားရောက်သင်ယူရေး အစီအစဉ်များကိုလည်း စီစဉ်ထားကြောင်း Geek Wire တွင် ရေးသားထားသည်။ 

GIXကျောင်းများတွင် နည်းပညာကို အထူးဦးစားပေး သင်ကြားမည့်အပြင် ကျောင်းသားများအား စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖြစ် လည်းကောင်း၊ တီထွင်ပညာရှင်များအဖြစ် လည်းကောင်း၊ စက်ရုပ်များ ထုတ်လုပ်နိုင်စွမ်းရှိသူများ အဖြစ် လည်းကောင်း၊ ဉာဏ်ရည်တု (AI) စနစ်များကို ကောင်းစွာ စီမံလုပ်ဆောင်နိုင်သူများအဖြစ် လည်းကောင်း မွေးထုတ်သွားရန် အစီအစဉ် ရှိကြောင်း GIX တွဲဖက်ဒါရိုက်တာ ဗစ်ကရမ် ဂျန်ဒါလယက ပြောကြားသည်။

အမေရိကနှင့် တရုတ်နိုင်ငံတို့တွင် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးမည့် ကျောင်းသားများအား အနာဂတ်တွင် ဆီရက်တဲနှင့် ဘေဂျင်းတို့တွင် နည်းပညာ ဗဟိုဌာနများ တည်ဆောက်ပြီး စီမံအုပ်ချုပ်နိုင်သူမျာအဖြစ် ရည်စူးကာ မွေးထုတ်သွားရန် စီစဉ်ထားကြောင်း ဗစ်ကရမ်က ဆိုသည်။