News

POST TYPE

POPULAR POST

အမြန်လမ်းတွင် ဓားပြတိုက်ခံရ
14-Jul-2017
တောင်ငူ၊ ဇူလိုင် ၁၃

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၇၆ အနီးတွင် ဇူလိုင်လ ၁၃ ရက် နံနက် ၅ နာရီ ၂၀ မိနစ်က အောင်မဟာယာဉ်လိုင်းပိုင် ခရီးသည်တင်ယာဉ်တစ်စီး ဓားပြတိုက်ခံရကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ 

“ဓားပြတိုက်ခံရချိန် ကျွန်တော်နဲ့ အဖော်တစ်ယောက်က ကားပျက်လို့ ရပ်နားနေတာပါ။ အမျိုးသားသုံးဦးက ဓားမိုးပြီး ကျွန်တော်တို့ ပါလာတဲ့ ငွေကြေးတွေနဲ့ ရွှေသုံးကျပ်သားအပြင် ဖုန်းကိုယူသွားပါတယ်။ ရိုက်နှက်တာမျိုးတော့ မလုပ်ဘူး” ဟု ဓားပြတိုက်ခံခဲ့ရသူ ဦးဘဂျမ်းက ပြောကြားသည်။

ဇူလိုင်လ ၁၂ရက်က မိတ္ထီလာမြို့ရှိ အလှူတစ်ခုသို့ သွားကာ ပြန်လာသော ဦးဘဂျမ်းနှင့် ၎င်း၏ အဖော် ဦးအေးနိုင်တို့က အောင်မဟာယာဉ်လိုင်းပိုင် စတားရစ် မီနီဘတ်စ်ယာဉ်ဖြင့် အမြန်လမ်းအတိုင်း ရန်ကုန်သို့ ပြန်လာစဉ် မိုင်တိုင် ၁၇၆ နှင့် ၄ ဖာလုံအနီးတွင် ကားပျက်သဖြင့် ရပ်နားကာ အိပ်ပျော်နေကြောင်း၊ ယင်းနောက် ဇူလိုင်လ ၁၃ ရက် နံနက် ၅ နာရီ ၂၀ မိနစ်တွင် အမျိုးသားသုံးဦး ဓားတစ်ချောင်း ကိုင်ဆောင်ရောက်ရှိလာပြီး ပစ္စည်းများကို ဓားပြတိုက်သွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ငွေသား ကျပ်သိန်း ၅၀၊ ရွှေသုံးကျပ်သားနှင့် အိုင်ဖုန်းတစ်လုံး ဓားပြတိုက်ခံရပြီး သာဂရ ရဲစခန်းတွင် အမှုဖွင့်နေကြောင်း ဓားပြတိုက်ခံရသူများထံမှ သိရသည်။
အမြန်လမ်း ရဲတပ်ဖွဲ့စခန်းများ စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၂ ခုနှစ် မေလမှ စတင်ပြီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ မီးရထား ရဲတပ်ဖွဲ့ ရဲမှူးချုပ်နေဝင်းက ပြောကြားသည်။

လက်ရှိ အမြန်လမ်းတစ်လျှောက် ရဲစခန်း ၁၆ ခု ရှိပြီး တပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော် တာဝန်ထမ်းဆောင်လျက် ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

R-15