News

POST TYPE

POPULAR POST

ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌနေရာအတွက် ANP ပါတီတွင်း မဲခွဲဆုံးဖြတ်၊ ဦးအောင်ဝင်း ရွေးချယ်ခံရ
12-Jul-2017 tagged as ANP

ရန်ကုန်၊ ဇူလိုင် ၁၂

လစ်လပ်နေသည့် ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဖိုးမင်းနေရာတွင် အစားထိုးနိုင်ရန် ရခိုင်အမျိုးသားပါတီတွင်း မဲခွဲဆုံးဖြတ်ခဲ့မှုကို ဇူလိုင်လ ၁၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ယင်းပါတီထံမှ သိရသည်။

လွှတ်တော်ဒုဥက္ကဋ္ဌနေရာ ရွေးချယ်ပွဲကို ဇူလိုင်လ ၁၂ရက် မွန်းလွဲပိုင်းတွင် ANP ပါတီရုံးချုပ်တွင် ပါတီ CEC အဖွဲ့ဝင်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် အစည်းအဝေးတစ်ရပ် ပြုလုပ်ကာ ရွေးချယ်ခဲ့ပြီး မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းကို ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ရာထူးအတွက် ရွေးချယ်ခဲ့ကြောင်း ယင်းပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

အဆိုပါအစည်းအဝေးတွင် ပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ပါတီ CEC အဖွဲ့ဝင်များနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၁ ဦး တက်ရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ရွေးချယ်ရာတွင် CEC အဖွဲ့မှ လမ်းညွှန်ချက်နှင့် ကိုက်ညီသည့် မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း၊ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်၊ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးနှင့် ကျောက်တော်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်စသည့် ကိုယ်စားလှယ် လေးဦးကို ဆန်ခါတင် စတင် ရွေးချယ်ခဲ့ကြောင်း ယင်းပါတီမှ သိရသည်။

ယင်းလေးဦးထဲမှ ဦးကျော်ဇောဦးနှင့် ဦးကျော်လွင်တို့သည် ယှဉ်ပြိုင်မှု မပြုလုပ်လိုကြောင်း ဆန္ဒပြုသည့်အတွက် ကျန်နှစ်ဦးကို လျှို့ဝှက်မဲဖြင့် ရွေးချယ်ရာ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ၁၃ မဲဖြင့် ပါတီကိုယ်စားပြု လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

လာမည့် ဇူလိုင်လ ၁၄ ရက် ရခိုင်ပြည်နယ် လွှတ်တော် ပုံမှန် အစည်းအဝေးတွင် လစ်လပ်နေသည့် လွှတ်တော်ဒုဥက္ကဋ္ဌ နေရာ အတည်ပြုခြင်းကို ဆောင်ရွက်သွားရန်ရှိကြောင်း ANP ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ထံမှ သိရသည်။

ယခင် ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်သူ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌလည်းဖြစ်သည့် ဦးဖိုးမင်းသည် ဇွန်လ ၁၇ ရက်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းကြောင့် ယင်းနေရာအတွက် ပြန်လည် ရွေးချယ်ခြင်းဖြစ်သည်။

J-09