POST TYPE

POPULAR POST

နည်းပညာ တီထွင်မှုတွေကို မိတ်ဆက်ပေးမယ့် Green Hackers အဖွဲ့နှင့် တွေ့ဆုံခြင်း
11-Jul-2017 tagged as နည်းပညာ

ပြည်တွင်း၌ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များရှိ ကျောင်းသားလူငယ်များက နည်းပညာ တီထွင်မှုများကို ကြိုးစားဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံ အနေနှင့် တက္ကသိုလ်အဆင့် မတိုင်မီ အထက်တန်းကျောင်းသား အရွယ်တွင် နည်းပညာ တီထွင်မှုများနှင့် ထိတွေ့နိုင်မှု နည်းပါးနေသေးသည်။ အိမ်နီးချင်း နိုင်ငံများတွင် အလယ်တန်းအဆင့် ကျောင်းသားဘဝ၌ပင် နည်းပညာ တီထွင်မှုများနှင့် ထိတွေ့နိုင်နေပြီ ဖြစ်သည်။ ယင်းအခြေအနေတွင် မန္တလေးနှင့် ပြင်ဦးလွင်မြို့များရှိ အထက်တန်းကျောင်းများတွင် နည်းပညာ ဖန်တီးတီထွင်မှုများကို မိတ်ဆက်သင်ကြားပေးရန် အတွက် Green Hackers အဖွဲ့က ဆောင်ရွက်လျက် ရှိသည်။ Green Hackers အဖွဲ့၏ ဆောင်ရွက်နေမှု အခြေအနေများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : Green Hackers အဖွဲ့ အနေနဲ့ မန္တလေးနဲ့ ပြင်ဦးလွင်မှာရှိတဲ့ အထက်တန်းကျောင်းတွေမှာ နည်းပညာ သင်တန်းတွေ ပေးမယ်လို့ သိရတယ်ဗျ။ ဘယ်လိုမျိုး နည်းပညာတွေကို မိတ်ဆက်ပေးသွားမှာလဲဗျ။ 

G H : ကျွန်တော်တို့ Green Hackers အဖွဲ့ အနေနဲ့ မန္တလေးနဲ့ ပြင်ဦးလွင်က အထက်တန်းကျောင်းတွေကို နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ သင်တန်းဆိုပေမယ့် ကျွန်တော်တို့ အဓိက ရည်ရွယ်ထားတာကတော့ ကျောင်းသား၊ ကျောင်းသူလေးတွေကို နည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်လာအောင်၊ ရဲရဲတင်းတင်း တီထွင်ဖန်တီးလိုစိတ် ဖြစ်လာအောင် ကြိုးစားသွားမှာပါ။ နည်းပညာနဲ့ ပျော်ပျော်ပါးပါး ကစားကြမယ့် အစီအစဉ်လေးတွေကို စဉ်းစားထားကြပါတယ်။ အထူးသဖြင့် Arduino ကို အသုံးပြုထားတဲ့ လွယ်ကူတဲ့ ပရောဂျက်လေးတွေကို ရှင်းလင်းပြသသွားဖို့ စိတ်ကူးရှိပါတယ်။ 

Voice : အထက်တန်းကျောင်းတွေက ကျောင်းသားတွေကို မိတ်ဆက်သင်ကြားပေးဖို့ စဉ်းစားမိတဲ့ စိတ်ကူးကိုလည်း ပြောပြပေးပါဦး။ 

G H : ကျွန်တော်တို့အနေနဲ့ နည်းပညာမှာ နိုင်ငံတကာက ကလေးတွေ ငယ်ငယ်ကတည်းက ထူးချွန်ကြတာကို အားကျနေမိပါတယ်။ မြန်မာပြည်က ကလေးငယ်လေးတွေကိုလည်း အဲဒီလို အခွင့်အလမ်းမျိုး တတ်နိုင်သမျှ ဖန်တီးပေးချင်ပါတယ်။ ကျွန်တော်တို့ တပည့်တွေထဲမှာလည်း ခြောက်တန်းနဲ့ ကိုးတန်းကျောင်းသားလေးတွေ ပါဝင်ပြီး သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို သတိထားမိလာပါတယ်။ ဒါကြောင့် သူတို့ကို ရှေ့တန်းတင်ပြီး အခြားကလေးတွေကို ဆွဲဆောင်စည်းရုံးဖို့ စိတ်ကူးရလာမိတာပါ။

Voice : နိုင်ငံတကာမှာရော ဘယ်အရွယ်လောက်ကနေစပြီး ဒီနည်းပညာတွေနဲ့ ထိတွေ့ကြသလဲဗျ။ ကလေးတွေအတွက် ဒီမှာ အခုလို မိတ်ဆက်ပေးတာက ဘယ်လောက်အထိ ထိရောက်မှု ရှိစေမလဲ။

G H : ကလေးတွေကို နည်းပညာနဲ့ ထိတွေ့ပေးတဲ့ နေရာမှာ နိုင်ငံတကာက အတော်လေး စောတာကို သတိထားမိလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နည်းပညာကို ကလေးငယ်တွေက မြန်မြန်ဆန်ဆန် လေ့လာနိုင်စွမ်းရှိပြီး သူတို့ရဲ့ စိတ်ကူးဉာဏ်တွေ ပိုမြင့်လာတယ်လို့ ယူဆလာလို့ပဲ ဖြစ်ပါတယ်။ နည်းပညာချည်း သက်သက်ဆိုရင်တော့ ဆိုးကျိုးအချို့လည်း ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ နည်းပညာသာမက အဖွဲ့အစည်းစိတ်ဓာတ်၊ ပူးပေါင်းဆောင်ရွက်မှု၊ ကျောင်းသင်ခန်းစာများနဲ့ နည်းပညာကို ပေါင်းစပ်အသုံးချပြီး သင်ထောက်ကူကောင်းအနေနဲ့ လေ့ကျင့်ပေးနိုင်ပါတယ်။ ဆရာနဲ့ တပည့်ကြားမှာလည်း အကြောက်တရားထက် ရင်းနှီးခင်မင်မှု၊ မိတ်ဆွေသဘောဆန်မှု၊ ဆရာသင်သမျှ မှတ်သားခြင်းထက် ဆရာကို ပြန်လှန်မေးခွန်းထုတ်ခြင်းနဲ့ ဆွေးနွေးတိုင်ပင်ခြင်းတွေ ပြုလုပ်လာမယ်လို့ ထင်မြင်ယူဆမိပါတယ်။ 

ဒီလိုလုပ်ဆောင်တဲ့အခါမှာ ကျောင်းစာကို အလွတ်ကျက်မှတ်ခြင်းထက် သိပ္ပံသဘောတရားတွေကို လက်တွေ့နဲ့ယှဉ်ပြီး ပြသဖို့၊ ခေါင်းဆောင်မှု၊ စည်းကမ်း၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုတွေကိုပါ လေ့ကျင့်ပေးနိုင်တဲ့အတွက် ထိရောက်မှု ရှိတယ်လို့ ယုံကြည်ပါတယ်။ 

Voice : Arduino ကို ပြည်တွင်းမှာက နည်းပညာတက္ကသိုလ်တွေ၊ ကွန်ပျူတာတက္ကသိုလ်တွေနဲ့ ပြင်ပက စိတ်ဝင်စားသူ လူငယ်အချို့ကတော့ သိနေပြီပေါ့လေ။ ဘယ်လောက်အထိ ပျံ့နှံ့မှု ရှိနေပြီလဲဗျ။ 

G H : ကျွန်တော် သိသလောက်ကတော့ တက္ကသိုလ် တော်တော်များများမှာ ပရောဂျက်ပြပွဲတွေ ကျင်းပပြုလုပ်နေကြပြီ ဖြစ်တဲ့အတွက် ထိထိရောက်ရောက် ပျံ့နှံ့နေပြီလို့ ယူဆပါတယ်။ ပြင်ပကလည်း တီထွင်မှုကို စိတ်ပါဝင်စားတဲ့ လူငယ်၊ လူကြီး အတော်များများ သိရှိလေ့လာနေကြပါတယ်။ နယ်မြို့လေးတွေအထိ စိတ်ဝင်စားမှု မြင့်တက်လာနေတာကိုလည်း သတိထားမိပါတယ်။ ကျွန်တော်တို့ Green Hackers Online သင်တန်းကို နယ်စွန်နယ်ဖျားကနေ လာရောက်သင်ယူသူ အရေအတွက် အတော်လေး များလာတာကလည်း ဒီအချက်ကို သက်သေခံနေပါတယ်။ အချို့သင်တန်းသားများဟာ ဖုန်းဆားဗစ်ပညာရှင်များနဲ့ ဆိုင်ကယ်ဝပ်ရှော့သမားများ၊ ကား Automation သမားများ ဖြစ်ကြပါတယ်။ သူတို့ဟာ Arduino ကိုအသုံးချပြီး ကားတွေ၊ ဆိုင်ကယ်တွေ၊ ဖုန်းတွေကို သူတို့သိထားတဲ့ နည်းပညာ ဗဟုသုတများနဲ့ ပေါင်းစပ်ပြီး အံ့သြဖို့ကောင်းလောက်အောင် တီထွင်ဖို့ Hack လုပ်ဖို့ ကြိုးစားနေကြပါတယ်။ နောက်တစ်ခုက စိုက်ပျိုးရေးနဲ့ ဇလဗေဒလို နေရာက ပညာရှင်တွေပါ ဒီနည်းပညာတွေကို အသုံးချပြီး သူတို့သိလိုတဲ့ အချက်အလက်တွေ စုဆောင်းဖို့ ထိထိရောက်ရောက် ကြိုးစားလာကြပါတယ်။ ပြောရရင်တော့ အများကြီးပါပဲ။ ဒါကြောင့် ပျံ့နှံ့မှုနှုန်း မြန်ဆန်ကျယ်ပြန့်လာပြီ လို့ ယူဆမိပါတယ်။

Voice : ကလေးတွေအတွက် အထက်တန်းကျောင်းတွေမှာ ဒီလိုနည်းပညာပိုင်းတွေကို မိတ်ဆက်ပေးတာမျိုးက ဒါပထမဆုံးလို့ ပြောလို့ရမလား။ ပထမဆုံးဆိုတော့ သူတို့ကို ချဉ်းကပ်ဖို့ကို ဘယ်လိုပြင်ဆင်ထားသလဲဗျ။ 

G H : အထက်တန်းကျောင်းတွေကို နည်းပညာတွေ မျှဝေနိုင်ဖို့ ခေတ်အဆက်ဆက်က လူအတော်များများ ကြိုးစားခဲ့ကြတာကို လေ့လာမိပါတယ်။ မေမြို့မှာဆိုရင် ကျွန်တော်တို့ ဆရာကြီး ဦးတင့်ဇော်အေးဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကွန်ပျူတာ နည်းပညာကို အထက်တန်းကျောင်းတွေမှာ စတင်မိတ်ဆက်ပေးခဲ့တာပါ။ ဒီဘက်ခေတ်မှာလည်း ပညာတတ် လူငယ်အတော်များများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ကျောင်းတွေမှာ နည်းပညာတွေ မျှဝေပေးနေကြတာ သတိထားမိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် အဲဒီလူငယ်လေးတွေ မျှဝေတဲ့ နည်းပညာများကို လေ့လာသင်ယူခဲ့ကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပထမဆုံး မဟုတ်ဘူးလို့ ယူဆပါတယ်။ ကလေးတွေ အတွက်ကတော့ ပထမဆုံး ဖြစ်နိုင်ပါတယ်။ သူတို့တွေ အနေနဲ့ ဒီနည်းပညာတွေကို သူတို့ အစ်ကို အစ်မတွေလို တက္ကသိုလ်တွေ ရောက်တော့မှပဲ လေ့လာထိတွေ့ခွင့် ရမယ်လို့ မျှော်လင့်ထားနိုင်ပါတယ်။ ဒါကြောင့် သူတို့နဲ့ မဆိုင်သလို ဖြစ်နေတဲ့ နည်းပညာကို ကစားစရာအသွင် ဖြစ်အောင် အထူးဂရုစိုက်ပြီး ဖန်တီးပြသသွားဖို့ စိတ်ကူးထားတာ ဖြစ်ပါတယ်။ 

Voice : အထက်တန်းကျောင်းတွေကို တစ်လတစ်ကျောင်းနှုန်းနဲ့ မိတ်ဆက်သင်ကြားပေးဖို့ စီစဉ်တဲ့အခါကျတော့ ကုန်ကျစာရိတ်တွေတော့ ရှိမှာပေါ့။ ပွဲတစ်ခု လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အပါအဝင် ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲဗျ။ ဒါတွေအတွက် အထောက်အပံ့ ရဖို့ကျတော့ရော ဘယ်လိုစဉ်းစားထားသလဲ။ 

G H : ကျွန်တော်တို့အနေနဲ့ မအားတဲ့ကြားကနေ ကလေးတွေကို အချိန်တစ်ခု ပေးသင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါကြောင့် တစ်လတစ်ခါလုပ်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပွဲတွေမလုပ်ခဲ့ဖူးသေးတော့ ဘယ်လောက်ကုန်မယ် ဆိုတာ အတိအကျ မခန့်မှန်းနိုင်သေးပါဘူး။ ဒါပေမဲ့ ခန့်မှန်းခြေ ငါးသိန်းနဲ့ အထက်တော့ ရှိလိမ့်မယ်လို့ ယူဆပါတယ်။ ဖြစ်နိုင်ရင်  ကလေးငယ်တွေကို ပါဝင်လုပ်ဆောင်စေပြီး ပြိုင်ပွဲအသေးလေးတွေ လုပ်ပေးချင်ပါတယ်။ အဓိက ကုန်ကျမယ့် စရိတ်ကတော့ ပြသမယ့် ပစ္စည်းတွေပဲ ဖြစ်ပါတယ် ခင်ဗျာ။ လောလောဆယ်တော့ ပွဲအတွက် ရန်ပုံငွေ မရှိသေးပါဘူး။ ကျွန်တော်တို့ အားရှိသလောက်လေးနဲ့ အတတ်နိုင်ဆုံး ပြသသွားဖို့ စဉ်းစားထားပါတယ်။ အကယ်၍ ကျွန်တော်တို့ ရည်ရွယ်ချက်ကို ကူညီထောက်ပံ့လိုတဲ့ စေတနာရှင်များ ပေါ်ပေါက်လာပါက ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Voice : Green Hackers အနေနဲ့ရော တခြားလုပ်နေတဲ့ အစီအစဉ်တွေ ဘာတွေရှိဦးမလဲဗျ။ 

G H : ကျွန်တော်တို့အနေနဲ့ Vision တစ်ခု ရှိပါတယ်။ အဲဒါကတော့ လူတိုင်းအတွက် ထိရောက်တဲ့၊ အသုံးဝင်တဲ့ နည်းပညာတွေကို အွန်လိုင်းကနေ Institute တစ်ခုအဖြစ် တည်ထောင်သင်ကြားပေးဖို့ ပဲဖြစ်ပါတယ်။ ထိရောက်တဲ့ ပညာရေးအတွက် ထိရောက်တဲ့ သင်ရိုးညွှန်းတမ်း၊ ဖတ်စာအုပ်တွေ လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီစာအုပ်တွေ ဖြစ်ပေါ်လာဖို့ Open Eductaion for Myanmar ကို တည်ထောင်ပြီး opensource, open documentation အဖြစ် မည်သူမဆို အခမဲ့ ရယူ၊ ပြင်ဆင်၊ အသုံးချနိုင်တဲ့ နည်းပညာဆိုင်ရာ စာအုပ်စာတမ်းများ ပြုစုဖို့ ကြိုးစားနေပါတယ်။ 

Green Hackers Online Training အနေနဲ့တော့ Arduino အပါအဝင် အခြေခံ Programming ဘာသာရပ်တွေကို အွန်လိုင်းသင်တန်းအဖြစ် ဖွင့်လှစ်ထားပါတယ်။ စက်မှုလုပ်ငန်းများ၊ စက်ရုံများ၊ ဟိုတယ်များနဲ့ သင်္ဘောများရဲ့ Control စနစ်တွေကို နားလည်၊ ပြင်ဆင်တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ PLC Programming ဘာသာရပ်ကိုလည်း အွန်လိုင်းသင်တန်းတစ်ခု အနေနဲ့ ဖွင့်လှစ်သင်ကြားလျက် ရှိပါတယ်။ လက်ရှိမှာတော့ သင်္ချာဘာသာရပ်၊ Engineering Circuit Analysis၊ PIC programming အစရှိတဲ့ ဘာသာရပ်များကို အချိန်ယူ ပြုစုလျက်ရှိပြီး နောက်နှစ်အတွင်းမှာ အွန်လိုင်းသင်တန်းများ အဖြစ် ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားရှိပါတယ်။ နောက်ထပ် ဘာသာရပ်များစွာကိုလည်း ပြုစုနိုင်ဖို့ ကြိုးစားနေပါတယ်။ 

Voice : ကျွန်တော်သိသလောက်ဆိုရင် ဒီ Arduino နဲ့ ပတ်သက်တဲ့ Lab တွေက နည်းသေးတယ်။ ကွန်ပျူတာတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ် တချို့မှာတော့ ရှိတာပေါ့လေ။ ဒါကလည်း လက်ချိုးရေလို့ရတဲ့ အနေအထားပဲ။ ဒီလို Lab တွေ ပြန့်ပွားလာအောင် ဘယ်လိုဆောင်ရွက်သင့်သလဲဗျ။ 

G H : နည်းပညာတွေရဲ့ တကယ့်အရေးပါမှုကို အများလက်ခံ သဘောပေါက်လာအောင် ကြိုးစားရမယ်လို့ ထင်ပါတယ်။ Arduino ဆိုတာ တကယ်တော့ သင်ထောက်ကူ တစ်ခုသာ ဖြစ်ပါတယ်။ အဲဒီနောက်ကွယ်က တကယ့်နည်းပညာတွေကို မျက်စိထဲ မြင်သာအောင် ပြဖို့သုံးတဲ့ သဘောဖြစ်ဖို့ လိုပါတယ်။ ကျောင်းတွေမှာ သင်ကြားရတဲ့ သီအိုရီတွေကို အနှစ်သာရရှိရှိ ဖော်ထုတ်လာနိုင်မယ်၊ လက်တွေ့ပြနိုင်လာမယ်ဆိုရင် ဒီလို Lab တွေ မဖြစ်မနေ ထားကြရမယ်ဆိုတဲ့ အသိတွေ ဝင်လာနိုင်ပါတယ်။ တကယ်တော့ အကျိုးတရား တစ်ခုဆိုတာ အကြောင်းတရားပေါင်းများစွာ တိုက်ဆိုင်မှ ဖြစ်လာရတာ ဖြစ်ပါတယ်။ ဒါကြောင့် အဘက်ဘက်က ကြိုးစားကြ၊ ဝိုင်းကူကြပါမှ မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်လာနိုင်လိမ့်မယ်လို့ ထင်မြင် ယူဆပါတယ်။ ကျောင်းသားတွေ တကယ်လုပ်ပြကြပြီဆိုရင် နည်းပညာ ကုမ္ပဏီတွေက သူတို့ စိတ်ကူးဉာဏ်တွေကို အသုံးချနိုင်အောင် ပံ့ပိုးပေးလာကြမယ်လို့လည်း မျှော်လင့်ပါတယ်။

Voice : ပြည်တွင်းမှာ နည်းပညာပိုင်းကိုပြောရင် အရင်နှစ်အပိုင်းအခြားတစ်ခုမှာ ဥပမာ မိုဘိုင်းလ် App တစ်ခုကို ကျောင်းသားတွေ လုပ်နိုင်တာ ရှားတယ်။ ဒီနောက်ပိုင်းနှစ်တွေမှာက အရေအတွက် အများကြီး တိုးတက်လာတယ်ဗျ။ ဒါပေမဲ့လည်း ပိုပြီးတိုးတက်လာအောင် ဆိုရင် ဒီအခြေခံပညာအဆင့်မှာ ဘာတွေထပ်ပြီး ဖြည့်စွက်မိတ်ဆက်ပေးဖို့ လိုမလဲဗျ။ 

G H : ဒီခေတ်ကလေးများဟာ အလွန်တော်ကြပါတယ်။ သူတို့ကို လမ်းမှန်ပြပေးဖို့လေးပဲ လိုအပ်တာပါ။ ကလေးတွေမှာရှိတဲ့ စိတ်ကူးတွေ၊ ဖန်တီးနိုင်စွမ်းတွေကို အသုံးချရမယ့် နေရာလေးတွေ လမ်းဖွင့်ပေးထားဖို့ လိုပါတယ်။ အပင်ပေါက်လေးတွေ ဖွံ့ဖြိုးပြီး ပိုးမစားဖို့ အဘက်ဘက်က ပံ့ပိုးပေးကြဖို့ လိုပါတယ်။ နည်းပညာ၊ အာဏာ၊ ငွေကြေး၊ စိတ်ဓာတ်ခွန်အား၊ အလုပ်အကိုင် အခွင့်အရေး စသဖြင့် တတ်စွမ်းသမျှ ကူညီပေးကြရမှာပါ။ 

နည်းပညာ တည်ဆောက်မှုအပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကိုယ်ပိုင်အမြင်ကတော့ မညာကြဖို့  လိုတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ဘယ်လောက်သိတယ်၊ ဘယ်လောက်ကောင်းကောင်း အသုံးချနိုင်တယ် ဆိုတာ အမှန်အတိုင်း လက်ခံကြရပါမယ်။ ပရောဂျက်တွေကို ထူးထူးဆန်းဆန်းတွေ လုပ်ခိုင်းဖို့ထက် အခြေခံသီအိုရီ Foundation ကို တစ်ဆင့်ချင်း တည်ဆောက်ပြီး ခိုင်ခိုင်မာမာနဲ့ နည်းပညာကို ပိုင်နိုင်အောင် လုပ်ကြရမယ်လို့ ထင်ပါတယ်။ အရိုးရှင်းဆုံး သီအိုရီတွေကိုပဲ ခိုင်မာတဲ့အထိ ပရောဂျက် အများကြီးလုပ်ပြီး အပိုင်းလိုက်ခွဲလို့ စမ်းသပ်ကြစေချင်ပါတယ်။ အရှိအတိုင်းမြင်တဲ့ အရည်အချင်း လိုအပ်တယ်လို့ သုံးသပ်ပါတယ်။

Voice : နောက်ဆုံးအနေနဲ့ နည်းပညာထုတ်ကုန်တွေကို ကျောင်းသားလူငယ်တွေ စမ်းသပ်ကြတယ်။ တီထွင်ကြတယ်။ ဒါတွေ တကယ်လက်တွေ့မှာ အသုံးပြုနိုင်ဖို့ ဆိုရင် ဘယ်လောက်အထိ ဆက်ပြီးလေ့လာဖို့ လိုမလဲ။ ဘယ်လိုအထောက်အပံ့တွေ လိုအပ်နေဦးမလဲဗျ။

G H : ဝမရှိဘဲ ဝိလုပ်လို့ မရဘူးဆိုတာ ထင်ရှားပါတယ် ခင်ဗျာ။ သင်သမျှကို အခြေခံကျကျ နားလည်ထားတဲ့ ကျောင်းသားတစ်ယောက်အတွက် လက်တွေ့ကို စာတွေ့နဲ့ ပေါင်းစပ်နိုင်ဖို့ လွယ်ကူမြန်ဆန်ပါလိမ့်မယ်။ တကယ်တော့ ကျောင်းမှာ နှစ်ပေါင်းများစွာ သင်ရတဲ့ ပညာတွေထက် လက်တွေ့လေ့လာရတာ ပိုလွယ်ကူပါတယ်။ ရေကူးတတ်ဖို့ ရေထဲဆင်းရမှာ ဖြစ်ပါတယ်။ အများကြီး သိဖို့ထက် သိသလောက်ကို တကယ်သိပြီး ထိထိရောက်ရောက် အသုံးချနိုင်ဖို့ ပိုလိုအပ်တယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် ကျောင်းတွေမှာ ဆရာတွေက အတတ်နိုင်ဆုံး သီအိုရီနဲ့ လက်တွေ့ ဆက်စပ်ပြပြီး ဗစစူင Application Essay တွေ ရှင်းပြတာမျိုးနဲ့ ကျောင်းသားတွေကို လက်တွေ့အသုံးချ ပရောဂျက်တွေ အဖွဲ့ခွဲပြီး ပြုလုပ်ခိုင်းလို့ ရနိုင်ပါတယ်။ 

ဆရာတွေရဲ့ အရည်အချင်းဟာ အရမ်းကို အရေးပါပါတယ်။ ဆရာကောင်းတွေကို တန်ဖိုးထားပြီး ထိုက်တန်တဲ့လစာနဲ့ အခွင့်အရေး မပေးနိုင်ဘဲ ပညာရေးစနစ် ကောင်းလာမယ်လို့ မမျှော်မှန်းနိုင်ပါဘူး။ ဆရာတွေကို ထိရောက်အောင် ထောက်ပံ့ပေးနိုင်တဲ့ တစ်နေ့မှာ မြန်မာပြည်ရဲ့ ပညာရေး လိုအပ်ချက်တွေ ဆုံးခန်းတိုင်သွားမယ်လို့ ယုံကြည်ပါတယ်ဗျာ။ 

မောင်မန်း