News

POST TYPE

POPULAR POST

တရားသူကြီးများ အမှုသည်များအပေါ် မောက်မာနေဆဲဟု တရားစီရင်ရေးကော်မတီ တင်ပြ
11-Jul-2017
နေပြည်တော်၊ ဇူလိုင် ၁၀

တရားသူကြီးများသည် ပြည်သူများအပေါ် ဆက်ဆံရေးမှာ သိသာထင်ရှားစွာ မပြောင်းလဲသေးသည့်အပြင် အမှုသည်များအပေါ် ဆက်ဆံရေးမှာလည်း မောက်မာနေဆဲ ဖြစ်ကြောင်း တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက တင်ပြလိုက်သည်။

ယင်းကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို ဇူလိုင်လ ၁၀ ရက်က  ပြုလုပ်သည့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက်ခြင်း ဖြစ်ပြီး အထက်ပါအတိုင်း ထည့်သွင်းတင်ပြလိုက်ခြင်း ဖြစ်သည်။

တရားရုံးများတွင် မလိုအပ်ဘဲ ဘက်လိုက်၍ဖြစ်စေ၊ ရုံးချိန်း မကြာခဏပေး၍ဖြစ်စေ ဝရမ်းနှင့် သမ္မန်စာ အတည်ပြုသည့် ကိစ္စများတွင် လိုလျှင်လိုသလို အတည်ဖြစ်စေပြီး မလိုလျှင် ဝရမ်းနှင့် သမ္မန်စာ အကြိမ်ကြိမ်ထုတ်ကာ  အမှုကို နှောင့်နှေးအောင် ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိနေရကြောင်း ကော်မတီက ဆိုသည်။ 

တရားသူကြီးအချို့သည် ဥပဒေကို လက်တစ်လုံးခြားပြု၍ မှုခင်းဖြစ်ရပ်တွင် သက်သေခံ တရားလို၊ တရားခံ သို့မဟုတ် တရားလို၊ တရားပြိုင် တင်ပြသော သက်သေများ၏ ထွက်ချက်များကို အခြားသက်သေ အထောက်အထားများနှင့် သုံးသပ်ဆုံးဖြတ်ခြင်း မပြုဘဲ ၎င်းတို့အနိုင်ပေးလိုသော အမှုသည်၏ သက်သေကိုသာ အသာပေးသုံးသပ်ပြီး တစ်ဖက်သတ် အမိန့်ချနေသည်များကိုပါ တွေ့ရှိနေရကြောင်း ကော်မတီက တင်ပြသည်။ 

တရားရုံးချုပ် အနေနှင့် တရားစီရင်ရာတွင် လိုက်နာရမည့် ကိစ္စများကို ညွန်ကြားထားသော်လည်း သိရှိသူနည်းပါးခြင်း၊ တာဝန်မဲ့ပေါ့လျော့စွာ ဆောင်ရွက်နေခြင်းများကို ထိရောက်စွာ အရေးယူပေးရန်နှင့် မကောင်းသည့် တရားသူကြီးများကို နယ်ပြောင်းခြင်း၊ ရာထူးမတိုးပေးခြင်းတို့ဖြင့် လုံလောက်မှု မရှိသောကြောင့် ထုတ်ပယ်ရန်နှင့် လိုအပ်လျှင် ထိရောက်စွာ အရေးယူရန်လိုကြောင်း ကော်မတီက ဆိုသည်။

ကော်မတီသည် ၂၀၁၆ ခုနှစ် မေလ ၁၉ ရက်မှ ၂၀၁၇ ခုနှစ် မေလ ၁၈ ရက်အထိ တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ တိုင်ကြားသည့် တိုင်စာ ၁၁၃၂ ခုကို လက်ခံရရှိခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းများသို့ ပေးပို့လုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ယင်းကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် အမည်စာရင်း ပေးသွင်းရန်နှင့် ဆွေးနွေးပြီးပါက မှတ်တမ်းတင် အတည်ပြုသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။ 

တရားသူကြီးများ လုပ်ဆောင်နေမှုများကို ယေဘုယျ တင်ပြသည်ထက် ၎င်းတို့၏ အမည်၊ တရားရုံး၊ မြို့နယ်များ၏ လုပ်ဆောင်ချက်များကို တိကျစွာ ရေးသားရန် ဇူလိုင်လ ၂၁ ရက်တွင် တင်ပြရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကော်မတီကို ညွှန်ကြားခဲ့သည်။