News

POST TYPE

POPULAR POST

မိုဆူးလ်မြို့တွင် IS အုပ်စုအပေါ် အောင်ပွဲရမှု အီရတ်ဝန်ကြီးချုပ် တက်ရောက်ဂုဏ်ပြု
11-Jul-2017
ဘဂ္ဂဒက်၊ ဇူလိုင် ၁၀

အီရတ်နိုင်ငံ မိုဆူးလ်တွင် IS အုပ်စုအပေါ် အီရတ်တပ်ဖွဲ့များ အောင်ပွဲခံမှုကို ဂုဏ်ပြုရန် အီရတ်ဝန်ကြီးချုပ် ဟေဒါအယ်လ်အဘာဒီ ရောက်ရှိလာခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မိုဆူးလ်မြို့ လွတ်မြောက်သွားပြီ ဖြစ်ပြီး IS အဖွဲ့ ထိန်းချုပ်ထားသော နေရာတစ်ကွက် နှစ်ကွက်မျှသာ ကျန်တော့သည်ဟု ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည်။

၂၀၁၄ ဇွန်လက IS အဖွဲ့ထိန်းချုပ် ခဲ့သော မိုဆူးလ်မြို့ကို အီရတ်တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ရန် ၂၀၁၆ နိုဝင်ဘာလ ကတည်းက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကျားကုတ်ကျားခဲ မြို့သိမ်းစစ်ဆင်ရေးတွင် အမေရိကန် လေကြောင်းပစ်ကူ ရထားသော အီရတ်စစ်တပ်နှင့်အတူ ကာ့ဒ်တပ်ဖွဲ့များ၊ ဆွန်နီအာရတ်တပ်ဖွဲ့များနှင့် ရှီးယိုက်မွတ်ဆလင် တပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

မိုဆူးလ်သို့ လာရောက်ဂုဏ်ပြုသော ဝန်ကြီးချုပ် အဘာဒီက “အောင်ပွဲက သေချာနေပါပြီ။ လက်ကျန်စစ်သွေးကြွတွေကိုလည်း ဝိုင်းထားပါပြီ။ အခုက အီရတ်ပြည်သူတွေအတွက် ကြီးကျယ်တဲ့ အောင်ပွဲကို ကြေညာဖို့ အချိန်မဖြစ်စလောက်လေးပဲ လိုပါတော့တယ်” ဟု ပြောကြားခဲ့သည်။

အဘာဒီက တရားဝင် အောင်ပွဲမိန့်ခွန်း မခြွေရသေးသော်လည်း ၎င်းရောက်ရှိနေစဉ် မိုဆူးလ်မြို့ လမ်းများပေါ်တွင် အောင်ပွဲခံ အခမ်းအနားများ ပြုလုပ်လျက် ရှိသည်။

မြို့ဟောင်းအနီး IS စစ်သွေးကြွအချို့ ခိုအောင်းနေသော လက်ကျန်နေရာများကို ရှင်းလင်းပြီးမှသာ တရားဝင် အောင်ပွဲ မိန့်ခွန်းပြောကြားမည်ဟု ဝန်ကြီးချုပ်ရုံးက ဆိုသည်။ 

မိုဆူးလ်မြို့ကို လက်လွှတ်လိုက်ရသော်လည်း အီရတ်နိုင်ငံ အနောက်ပိုင်း အန်ဘာပြည်နယ်မှ မြို့သုံးမြို့နှင့် တယ်လ်အက်ဖာမြို့များတွင် IS အဖွဲ့ ခြေကုပ်ယူထားဆဲဖြစ်ပြီး အစိုးရ ထိန်းချုပ်နယ်မြေများကို ပစ်ခတ်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။

တနင်္ဂနွေနေ့ကအထိ လေကြောင်း တိုက်ခိုက်မှုများ၊ အပြန်အလှန် ပစ်ခတ်သံများ ကြားနေရပြီး မီးခိုးလုံးများလည်း ကောင်းကင်သို့ ထိုးတက်နေသည်ကို မြင်တွေ့ကြရသည်။

အီရတ်တပ်များသည် အမျိုးသမီးများနှင့် ကလေးများ အများစုဖြစ်သော အရပ်သားများ ဘေးကင်းရာသို့ ထွက်ပြေးနိုင်စေရန် ကူညီပေးနေကြသည်။ ယခုအောင်ပွဲအတွက် ကြီးမားသော ပေးဆပ်မှုများ ရှိခဲ့ပြီး ထွက်ပြေးလာသူတိုင်းသည် သေဆုံးသွားသော ဆွေမျိုးများကို ထားရစ်ခဲ့ရသူများ ဖြစ်ကြသည်။ 
မြို့ဟောင်းတစ်ခုလုံးတွင် အဆောက်အအုံအားလုံး ပြိုကျပျက်စီးနေပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးပုံများထဲမှ လူသေအလောင်းများကို ဆွဲထုတ်ရှင်းလင်းနေကြသည်။

စစ်ပွဲဇုန်များတွင် ဆေးဘက်ဆိုင်ရာ ကူညီမှုပေးနေသောအဖွဲ့ Road to Peace မှ ဆယ်လီဘက်ကာက သူမ မြင်တွေ့ဖူးသမျှတွင် အဆိုးဆုံးဟု မှတ်ချက်ပေးသည်။

Save the Children မှ အီရတ်ဌာနေတာဝန်ခံ အန်နာလော့ခ်ဆင်ကလည်း ကလေးများနှင့် သူတို့၏ မိသားစုများအား ကြောက်မက်ဖွယ် အနိဋ္ဌာရုံ ဖိစီးမှုများမှ လွတ်မြောက်နိုင်စေရန် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှု အရေးကြီးသည်ဟု ပြောကြားသွားသည်။

အီးယူနိုင်ငံခြားရေးရာ အကြီးအကဲ မိုဂါရီနီနှင့် ကယ်ဆယ်ရေး ကော်မရှင်နာမင်းကြီး စတိုင်လီယာနီဒက်စ်တို့၏ ပူးတွဲကြေညာချက်တွင် မိုဆူးလ်မြို့ ပြန်လည်ရရှိခြင်းသည် အီရတ်နိုင်ငံ အစိတ်အပိုင်းများနှင့် ပြည်သူများကို အကြမ်းဖက်သမားတို့လက်မှ လွတ်မြောက်စေသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်းနှင့် လူထုအသိုင်းအဝိုင်းများအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။