News

POST TYPE

POPULAR POST

နှိပ်စက်ခံရသည့် အိမ်အကူ မိန်းကလေး တရားရင်ဆိုင်ရန် ရန်ကုန်အလာ ပျောက်ဆုံး
10-Jul-2017
ရန်ကုန်၊ ဇူလိုင် ၁၀ 

အငြိမ်းစားဒုဗိုလ်မှူးကြီး၏ နေအိမ်တွင် အိမ်အကူလုပ်ရာမှ သွားခြောက်ချောင်း ကျိုးအောင် နှိပ်စက်ခံရမှုဖြင့် မရမ်းကုန်း မြို့နယ်တရားရုံးတွင် အမှုလာရင်ဆိုင်နေသော  အသက် ၁၂ နှစ်အရွယ် မိန်းကလေးမှာ နယ်မှ ရန်ကုန်သို့ လာရောက်စဉ် ပျောက်ဆုံးခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။

ပျောက်ဆုံးနေသော အိမ်အကူ မနန်းမို့မို့အေးမှာ ၎င်းနေထိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့မှ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်တရားရုံးသို့ ရုံးချိန်းလာရောက်ခဲ့ပြီးနောက် တရားရုံးအနီးရှိ ဘုန်းကြီးကျောင်းတွင် ၎င်း၏ အဘွားဖြစ်သူနှင့်အတူ ယာယီ တည်းခိုနေစဉ် ဇူလိုင်လ ၄ ရက် နံနက်ပိုင်းက ပျောက်ဆုံးခဲ့ကြောင်း မနန်းမို့မို့အေး၏ မိခင်ဖြစ်သူက ပြောသည်။

“သူ့အဘွားက ခရီးပန်းလာတော့ မနက် ၉ နာရီအထိ အိပ်ပျော်သွားတယ်။ အိပ်ရာကနိုးတော့ သူ့မြေးဖြစ်သူ မနန်းမို့မို့အေးကို မတွေ့ဘူး။ လိုက်ရှာနေတာ တစ်ပတ်ရှိပြီ။ အခုထိ မတွေ့သေးဘူး။ ရဲစခန်းမှာ လူပျောက်တိုင်ချက် ဖွင့်ထားတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပျောက်ဆုံးနေသူမှာ ၂၀၁၅ ခုနှစ်က မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာ အိမ်ရာတွင် အငြိမ်းစားဒုဗိုလ်မှူးကြီး၏ နေအိမ်၌ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ပြီး အိမ်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ခင်နန်းတင့်က ညှဉ်းပန်းနှိပ်စက်၍ ၎င်းနှင့်အတူ အိမ်အကူ လုပ်ကိုင်သည့် မနှင်းဝေကျော်ကို ငရုတ် ကျည်ပွေ့ ပေးပြီး မနန်းမို့မို့အေး၏ သွားများကို ရိုက်ချိုးရန် စေခိုင်းခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အမှုတွဲမှာပါတဲ့ မနှင်းဝေကျော်ရယ်။ နှင်းဝေကျော်ရဲ့ အမေရယ်၊ မနန်းမို့မို့အေးနဲ့ သူ့အဘွားရယ် အားလုံး လေးယောက် ရန်ကုန်တက်လာပြီး တရားလာရင်ဆိုင်တာ။ သူတို့တွေ အကုန်လုံးက အမှုကိစ္စကြောင့် လာနေရပေမယ့် အခုအချိန်ထိ ရန်ကုန်ထဲ လည်လည်ဝယ်ဝယ်ကို မသွားတတ်သေးဘူး။ အခု ကလေးမက ပျောက်နေတော့ သူ့အမေခမျာ အတော် စိတ်ပူနေရှာတယ်”ဟု ယင်းအမှုအား လိုက်ပါ ကူညီဆောင်ရွက်ပေးနေသည့် မြစ်သားမြို့တွင် နေထိုင်သော လူ့အခွင့်အရေး လှုပ်ရှားသူ ဦးခင်အောင်လင်းက ပြောသည်။

မနန်းမို့မို့အေးနှင့် မနှင်းဝေကျော်တို့မှာ တစ်လမ်းတည်း နေထိုင်သူများဖြစ်ပြီး ၂၀၁၅ ခုနှစ်က အငြိမ်းစား ဒုဗိုလ်မှူးကြီး၏ နေအိမ်တွင် တစ်လလျှင် ကျပ်ငါးသောင်းဖြင့် အိမ်အကူအလုပ် လုပ်ကိုင်ခဲ့ကြောင်း၊ အိမ်ရှင်ဖြစ်သူထံမှ ကြိုတင်ငွေကျပ် ၁၅ သိန်း ထုတ်ယူထားပြီး မနန်းမို့မို့အေးအား အိမ်အလုပ်များ ခိုင်းစေရာတွင် အဆင်မပြေသည့်အခါ အိမ်ရှင် ဒေါ်ခင်နန်းတင့်က ဖိနပ်ဖြင့် ပါးရိုက်ခြင်း၊ တုတ်ဖြင့် ခြေသလုံးနှင့် လက်ဖဝါးတို့ကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း မရမ်းကုန်းမြို့နယ် တရားရုံးတွင် ၎င်းကို စစ်ဆေးခဲ့စဉ် ထွက်ဆိုခဲ့သည်။

ထို့အပြင် ၎င်းကို ရေချိုးခန်းအတွင်း ပိတ်ပြီး အိမ်အကူ မနှင်းဝေကျော်အား အိမ်ရှင် ဒေါ်ခင်နန်းတင့်မှ ငရုတ်ကျည်ပွေ့ပေး၍ သွားများကို ရိုက်ချိုးရန် ဖိအားပေး စေခိုင်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

သွားခြောက်ချောင်း ကျိုးခဲ့သည့် အိမ်အကူ မနန်းမို့မို့အေးကို ဆေးကုသမှုပေးပြီးနောက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အိမ်ရှင်မှ အိမ်အကူပွဲစား ဒေါ်စိုးဥမ္မာလှိုင်ကို ဖုန်းဆက်ခေါ်၍ မြစ်သားမြို့သို့ ပြန်လည် စေလွှတ်ခဲ့သည်။

ယင်းနောက်  ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် အိမ်အကူ နှစ်ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များက ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် ပတ်သက်၍ အမှုဖွင့် အရေးယူပေးရန် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေ ရဲစခန်းတွင် လာရောက်တိုင်ကြားသဖြင့် ရဲတပ်ဖွဲ့မှ အမှုအား စစ်ဆေးပြီး အိမ်ရှင်ဖြစ်သူ ဒေါ်ခင်နန်းတင့်ကို ပုဒ်မ ၃၂၅/ ၃၄၂/ ၁၁၄ နှင့်လည်းကောင်း၊ အိမ်အကူ မနှင်းဝေကျော်ကို ပုဒ်မ ၃၂၅ ဖြင့်လည်းကောင်း မရမ်းကုန်း မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ရာ ငွေကြေး အခက်အခဲကြောင့် ရှေ့နေ မငှားနိုင်သည့် အိမ်အကူ မနန်းမို့မို့အေး၏အမှုကို ရှေ့နေ ဦးရောဘတ်စန်းအောင်က အကျိုးဆောင်အဖြစ် အခမဲ့ လိုက်လံ ဆောင်ရွက်ပေးနေသည်။

S-03


  • VIA