News

POST TYPE

POPULAR POST

ရန်ကုန်မြို့သစ် တည်ဆောက်မည့် ကော်ပိုရေးရှင်းကို မြို့သစ်စီမံကိန်းတွင် အမြင့်ဆုံး အာဏာပိုင်အဖြစ် သတ်မှတ်
10-Jul-2017
ရန်ကုန်၊ ဇူလိုင် ၁၀

ရန်ကုန်မြို့သစ် တည်ဆောက်ရေးတွင် အကောင်အထည်ဖော်မည့် New Yangon Development Corporation ကို မြို့သစ်တည်ဆောက်ရေးတွင် အမြင့်ဆုံး အာဏာပိုင်အဖွဲ့အဖြစ် သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်မည့် ကော်မတီအမည်ကို New Yangon Development Corporation ဟု အမည်ပေးထားပြီး အဆိုပါကော်မတီကို အစိုးရ၏ ၁၀ဝ ရာခိုင်နှုန်း ဆောင်ရွက်မှုဖြစ်သော ကော်ပိုရေးရှင်းပုံစံဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းကုမ္ပဏီသည် ရန်ကုန်မြို့သစ် တည်ဆောက်ရေးတွင် အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ဖြစ်လာမည်ဖြစ်ကြောင်း ဒေါ်နီလာကျော်က ပြောဆိုသည်။

ရန်ကုန်မြို့သစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီကို အစိုးသစ်လက်ထက် ၂၀၁၇ ဖေဖော်ဝါရီလတွင် ပြန်လည်ဖွဲ့စည်း၍ ယခင် အစိုးရလက်ထက်က မူလ စာချုပ် ချုပ်ခဲ့သည့် ကုမ္ပဏီများကို စာချုပ်ဖျက်သိမ်း၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရာနှုန်းပြည့် ကြီးကြပ်ကွပ်ကဲသွားရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်ရာတွင် လိုအပ်သော ငွေကြေး အရင်းအနှီးများကို ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) စသည့် ငွေကြေးဌာနများမှ ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းခွင်တွင် ပါဝင်ဆောင်ရွက်ခြင်း၊ ပြည်ပချေးငွေ ရယူခြင်း၊ Private Enterprise လျှပ်စစ်လုပ်ငန်း၊ ရေလုပ်ငန်း စသည်တို့ကို ပြည်သူလူထု ပါဝင်သည့် (PPP) စနစ်ဖြင့် ဆောင်ရွက်ခြင်းစသည့် နည်းလမ်းများဖြင့် ရယူသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့ထံမှ သိရသည်။

ဒေါ်နီလာကျော်၏ အဆိုပါစီမံကိန်း တည်ဆောက်ရေး ရှင်းလင်းချက်အပြီးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက လွှတ်တော်တွင် ဆွေးနွေးခွင့်ရရန် တောင်းဆိုခဲ့ပြီး လွှတ်တော်က ဆွေးနွေးခွင့်ပြုခဲ့၍ လာမည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရန် ယခင်အစိုးရ လက်ထက်က အတည်ပြုခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိ အစိုးရသစ် လက်ထက်တွင် ဆောင်ရွက်မည့် ပုံစံအသစ်များ ရင်းနှီးမြှုပ်နှံမှု ပုံစံအသစ်များဖြင့် ပြန်လည် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ရန်ကုန်တိုင်းလွှတ်တော်တွင် ပြန်လည် ဆွေးနွေးရန် လိုအပ်နေပြီး စီမံကိန်းကို မည်သို့ အကောင်အထည်ဖော်မည်ကို အစိုးရက ပြန်လည် ရှင်းလင်းရန် လိုအပ်နေသေးကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“ဘယ်လိုပုံစံမျိုး ဆောင်ရွက်မယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိဖို့ လိုအပ်ပါတယ်။ ဒီစီမံကိန်းက ကြီးမားတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လေ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင် တစ်ဖက်ကမ်း အေးရွာ အပါအဝင် ကြည့်မြင်တိုင်မြို့နယ်၊ တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တို့တွင် အဆိုပြု ခန့်မှန်းဧရိယာ ဧက သုံးသောင်းဖြင့် တည်ဆောက်သွားရန် စီစဉ်ထားကြောင်း တိုင်းအစိုးရထံမှ သိရသည်။

J-08


  • VIA