News

POST TYPE

POPULAR POST

မစ္စယန်ဟီးလီ ၆၆(ဃ) ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့နှင့် တွေ့ဆုံ
10-Jul-2017

ရန်ကုန်၊ ဇူလိုင် ၁၀

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆  (ဃ) ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့နှင့် ဇူလိုင်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်။

မစ္စယန်ဟီးလီသည် ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာသည့် ကမန်တိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းတွင် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မစ္စယန်ဟီးလီနှင့် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့တို့သည် ဇူလိုင်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရုံးတွင် တွေ့ဆုံခဲ့ကြောင်း ယင်းသို့တွေ့ဆုံရာတွင် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကိုဆောင်းခက ပြောသည်။

“အဓိကကတော့ အခုပြင်ဆင်မယ့် ဆက်သွယ်ရေး ဥပဒေကြမ်းမှာ တောင်းဆိုထားတဲ့အချက်တွေကို ပြောတယ်။ ဥပဒေကို အဆောတလျင် မပြင်ဖို့၊ ပြင်ဆင်တဲ့နေရာမှာလည်း လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီအောင် ထည့်သွင်းပေးဖို့ အစိုးရကို တိုက်တွန်းတာတွေ ပြောခဲ့ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံတွင် ၁၁ ရက်ခန့် နေထိုင်ပြီး မြန်မာနိုင်ငံရှိ ရန်ကုန်၊ နေပြည်တော်၊ ရခိုင်နှင့် ကရင်ပြည်နယ်သို့ သွားရောက်ပြီး မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေများကို လေ့လာပြီး ဇူလိုင် ၂၁ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

၎င်း၏ ခရီးစဉ်များနှင့် ပတ်သက်၍ လက်ရှိတွင် မစ္စယန်ဟီးလီထံသို့ အသိပေး အကြောင်းကြားမှု မပြုလုပ်ရသေးသည့်အတွက် ခရီးစဉ် အသေးစိတ်ကို လက်ရှိတွင် မီဒီယာများကို ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

မစ္စယန်ဟီးလီသည် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်၌ လူ့အခွင့်အရေးဆိုင်ရာ တွေ့ရှိချက်များကို အောက်တိုဘာလအတွင်း ကျင်းပမည့် ကုလသမဂ္ဂ ညီလာခံ၌ တင်ပြသွားမည်ဖြစ်သည်။

မစ္စယန်ဟီးလီသည် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံ ခရီးစဉ်၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များနှင့် သီးခြား တွေ့ဆုံ၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

J-09


  • VIA