News

POST TYPE

POPULAR POST

အဆင့်မြင့် ရာထူးရာခံရှိသူများ၏ ပိုင်ဆိုင်မှုကို ကြေညာရန် စီစဉ်ထားဟု နိုင်ငံတော်အတိုင်ပင်ခံ ပြောကြား
10-Jul-2017

နေပြည်တော်၊ ဇူလိုင် ၁၀

အဆင့်မြင့် ရာထူးရာခံရှိသူများ၏ ပိုင်ဆိုင်မှုများကို ကြေညာရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“ကိုယ်ကျင့်တရား ကောင်းမွန်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် လေ့ကျင့်သင်ကြားမှု များပေးဖို့၊ တိုင်ကြားရေးနဲ့ ဖော်ထုတ်ရေးဆိုင်ရာ ယန္တရား ထိရောက်မှုရှိဖို့၊ အဆင့်မြင့် ရာထူးရာခံရှိသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ကြေညာဖို့၊ နည်းပညာ အသစ်တွေနဲ့ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပံ့ပိုးဆောင်ရွက်ခြင်းဖြင့် အဂတိ လိုက်စားနိုင်မှု အခွင့်အလမ်းကို နည်းပါးအောင် ဆောင်ရွက်ဖို့ စတဲ့ အစီအစဉ်တွေလည်း ထည့်သွင်းဆောင်ရွက်ထားပါတယ်”ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့နိုင်ငံများမှ ကျင့်သုံးသည့် နည်းလမ်းများကို ဆွေးနွေးလေ့လာခြင်းနှင့် ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်အားထက်သန်စွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး လှုံ့ဆော် မြှင့်တင်ခြင်း အသိပေး ပညာမျှဝေမှု ဖိုရမ်ကို နေပြည်တော်ရှိ MICC-2 တွင် ယနေ့ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“မဟာဗျူဟာ စီမံချက်ဟာ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အသိအမှတ်ပြုဖို့ မရွံ့ပါဘူး။ ဒီစိန်ခေါ်မှုတွေ အနက် အဓိက အကျဆုံးကတော့ အဂတိ လိုက်စားမှုပဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုဟာ တိုင်းတာဖို့ခက်သလို၊ သတိပြုမိဖို့လည်း ခက်ပါတယ်။ ဒီကိစ္စဟာ ပြဿနာတစ်ခုအဖြစ် တည်ရှိနေသေးတာကတော့ ယုံမှားသံသယ မရှိနိုင်ပါဘူး။ အဂတိလိုက်စားမှုဟာ အယုံအကြည်ရှိမှု၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ထမ်း ယန္တရားကြီး တစ်ခုလုံးရဲ့ ဂုဏ်ရှိမှုတို့ကို တိုက်စားဖျက်ဆီးပါတယ်။ ထို့အပြင် အဂတိလိုက်စားခြင်းဟာ လူအနည်းငယ်ရဲ့အကျိုးကို အများအကျိုး အထက်မှာ ထားရှိခြင်းဖြစ်တာကြောင့် ဒီမိုကရေစီရဲ့ ဗဟိုမူဖြစ်တဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးကို ထိပါးစေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုသည်။

ပြည်သူ့ဝန်ထမ်းများ အနေနှင့် မိမိတို့၏ အထက်အရာရှိ၊ ဝန်ကြီးများ သိရမည့် အကြောင်းအကျိုး၊ အကောင်းအဆိုးများကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားစိတ်ဖြင့် ဘက်လိုက်မှုကင်းစွာ သတ္တိရှိရှိ တင်ပြနိုင်ရမည်ဖြစ်ပြီး မလိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဖယ်ရှားပေးနိုင်ရန်၊ ဌာနတစ်ခုနှင့် တစ်ခုအကြား၊ ပူးပေါင်း လုပ်ဆောင်မှုကို အဟန့်အတား ဖြစ်စေသော အတွေးအခေါ်၊ အစဉ်အလာများကို ပယ်ဖျက်ပေးရန်၊ အစိုးရအဖွဲ့ တစ်ခုလုံး ထိရောက်ကောင်းမွန်လာစေမည့် တီထွင်ကြံဆမှုနှင့်  အတွေးအခေါ်သစ်များ ထုတ်ဖော်ပေးရန်  ဒီမိုကရေစီစနစ်က အားပေးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

“ဖွဲ့စည်းတည်ဆောက်ပုံတွေ ပြောင်းလဲလိုက်တာ တစ်ခုတည်းနဲ့ ဒီမျှော်လင့်ချက်အသစ်တွေ ပြည့်ဝလာနိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်မှာ “မလုပ်၊ မရှုပ်၊ မပြုတ်” အတွေးအခေါ်အတွက် နေရာ မရှိနိုင်ပါဘူး”ဟု ၎င်းကပြောသည်။

နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် ပြည်သူ့ဝန်ထမ်းကျင့်ဝတ် တောင့်တင်းခိုင်မာရေး အပါအဝင် ယုံကြည်မှု တည်ဆောက်ရေးတွင် ပြည်သူ့ဝန်ထမ်းများ အနေနှင့် သိက္ခာရှိရှိနေခြင်း၊ ဘက်လိုက်မှု ကင်းရှင်းခြင်းနှင့်  မိမိတို့၏အလုပ် တာဝန်ယူရန် လိုအပ်ကြောင်း၊ ယင်းအပြင် အများပြည်သူမှလည်း ပြည်သူ့ဝန်ထမ်းတွေအပေါ် လေးစားမှုနဲ့ ယဉ်ကျေး ပျူငှာစွာ ဆက်ဆံရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်သည် ရှုပ်ထွေးနက်နဲသော လုပ်ငန်းစဉ်ဖြစ်သောကြောင့် အပြောင်းအလဲကို ရှာဖွေဖော်ဆောင်ရာတွင် လက်ရှိ ဖွဲ့စည်းတည်ဆောက်မှုနှင့် လုပ်ငန်းစဉ်များ သာမက ကာလရှည်ကြာစွာ အမြစ်တွယ်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု အကျင့်စရိုက်ဟောင်းများကို ပယ်ဖျက်ပစ်ပြီး ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ခက်ခဲရှုပ်ထွေးကြောင်း၊ အနာဂတ်ကာလတွင် ဖက်ဒရယ်စနစ် ကျင့်သုံးခြင်းမှ ထွက်ပေါ်လာနိုင်သော စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။


  • VIA