News

POST TYPE

POPULAR POST

ဆိုင်းဘုတ်များ မဖျက်သိမ်းဟု မန္တလေး မဘသ ထုတ်ပြန်၊ အကြမ်းဖက်ဖြိုခွင်းလျှင် အစိုးရတာဝန်သာ ဖြစ်ဟုဆို
10-Jul-2017
ရန်ကုန်၊ ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဘသ ဆိုင်းဘုတ်များကို ဖျက်သိမ်းရန် အစီအစဉ် မရှိကြောင်းနှင့် အကြမ်းဖက် ဖြိုခွင်းလျှင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာ အရပ်ရပ်သည် အစိုးရ၌သာလျှင် တာဝန်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့က ဇူလိုင်လ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်၌ မဘသ (အထက်မြန်မာပြည်) မန္တလေး တိုင်းဒေသကြီး အနေနှင့် မဘသ ဆိုင်းဘုတ်များကို လုံးဝ ဖျက်သိမ်းရန်မရှိကြောင်း၊ ထိုရပ်တည်ချက်ကို အပြည့်အဝ တာဝန်ခံကြောင်းနှင့် ၂၀ဝ၈ ဖွဲ့စည်းပုံဥပဒေ၊ ၂၀၁၄ အသင်းအဖွဲ့ မှတ်ပုံတင်ဆိုင်ရာ ပြည်ထောင်စု ဥပဒေများကို ကျော်နင်း၍ မဟန (နိုင်ငံတော်သံဃ မဟာနာယက) ကြေညာချက် တစ်ခုတည်းနှင့် မဘသ ဆိုင်းဘုတ်များကို အကြမ်းဖက် ဖြိုခွင်းလာပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာ အရပ်ရပ်သည် အစိုးရ၌ တာဝန်ရှိကြောင်း ဖော်ပြထားသည်။

“ဇူလိုင်လ ၉ ရက်နေ့မှာ မန္တလေး မဘသ ဦးဆောင် ဆရာတော်တွေ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်။ ထုတ်ပြန်ချက်အတိုင်းပဲ ဆက်လက် ရပ်တည်သွားမှာပါ”ဟု မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်သည်။

ထို့အတူ ကရင်ပြည်နယ် မဘသအဖွဲ့ကလည်း ကရင်ပြည်နယ်အတွင်းရှိ မဘသ ဆိုင်းဘုတ်များကို လာရောက်ဖြုတ်ချလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် ဖြုတ်ချသူမှ တာဝန်ခံရမည်ဟု ဇူလိုင်လ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သည်။

“ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့က မူလ သူတို့ ရပ်တည်ချက်အတိုင်း ဆက်လက် ရပ်တည်ကြတာ ဖြစ်တယ်”ဟု ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိ ဆရာတော်  ဒေါက်တာသောပါက က မိန့်ကြားသည်။

မန္တလေးတိုင်းဒေသကြီး မဘသ အဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့၌ မူလအမည်အတိုင်း ဆက်လက် ရပ်တည်ခွင့်ပြုရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပြည်ထဲရေးထံ စာရေးသားပေးပို့ တောင်းဆိုခဲ့သည်။

ထိုသို့ တောင်းဆိုသော်လည်း ယနေ့အချိန်ထိ အကြောင်းပြန်ခြင်း မရှိကြောင်း မန္တလေးတိုင်း မဘသအဖွဲ့ ဦးဆောင်ဆရာတော်များထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်၌ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးသည် မြန်မာနိုင်ငံ အနှံ့အပြား၌ စိုက်ထူထားသော မဘသအဖွဲ့ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးအပြီး ဖြုတ်သိမ်းရန် လမ်းညွှန်ချက် ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ မဟန၏ ဆုံးဖြတ်ထားသော ကိစ္စရပ်များကို လိုက်နာခြင်းမရှိသော ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့ အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူသွားမည်ဖြစ်ပြီး၊ လူပုဂ္ဂိုလ်ဖြစ်လျှင် တည်ဆဲ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ မဟနနှင့်မဘသ ဆရာတော်ကြီးများ၏ အထူးအစည်းအဝေး ဆုံးဖြတ်ချက်များကို မဘသဥက္ကဋ္ဌ ဆရာတော် ဦးတိလောက၊ မဘသ ဒု-ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသတို့က ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့သည်။

ထိုကဲ့သို့ မဟန ဆရာတော်ကြီးများမှ မဘသ အမည်ဆက်လက်သုံးစွဲခွင့် မပြုခြင်းကြောင့် မေလ (၂၇/၂၈) ရက်၌ ကျင်းပပြုလုပ်သော မဘသ လေးနှစ်ပြည့်  ညီလာခံ အစည်းအဝေးတွင် မဘသ အဖွဲ့အမည်ကို ဗုဒ္ဓဓမ္မ ဖောင်ဒေးရှင်းအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့သည် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာများအပေါ် မလိမ့်တပတ် လုပ်ခြင်းသာဖြစ်ကြောင်း ဇူလိုင်လ ၃ ရက်နေ့က မီဒီယာများကို ပြောဆိုခဲ့သည်။

“မဘသကနေ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဖြစ်ပါတယ်။ နောက်ပြီး မျိုးချစ်အဖွဲ့ဆိုတဲ့ အဖွဲ့ခွဲတွေ အများကြီး ပေါ်လာသေးတယ်။ ဒါတွေက နိုင်ငံတော် သံဃမဟာနာယက၏ ညွှန်ကြားချက် ညွှန်ကြားလွှာတွေ အပေါ်မှာ ဒါတွေက မလိမ့်တပတ်လုပ်တာ ဖြစ်တယ်”ဟု သူရ ဦးအောင်ကိုက ပြောကြားသည်။

J-07


  • VIA