News

POST TYPE

POPULAR POST

မိုရာတာကို ယခုသီတင်းပတ်အတွင်း ခေါ်ယူနိုင်ရန် ချယ်လ်ဆီး ကြိုးပမ်းမည်
10-Jul-2017
လန်ဒန်၊ ဇူလိုင် ၁၀

ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ၎င်း၏ အဓိကဦးစားပေးအဖြစ် သတ်မှတ်ထားသည့် အဲဗာတန် တိုက်စစ်မှူး လုကာကုကို မန်ယူက ကြားဖြတ် ခေါ်ယူသွားခဲ့သည့်အတွက် ပစ်မှတ်သစ် သတ်မှတ်၍ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မိုရာတာကိုခေါ်ယူရန် ကြိုးပမ်းနေပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။

မိုရာတာသည် ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်း၏ လက်အောက်တွင် အကန့်အသတ်ဖြင့်သာ ပွဲထွက် ကစားနေရသည်ကို အလွန်အမင်း စိတ်ပျက်နေပြီဖြစ်ကာ ယမန်နစ်ဘောလုံးရာသီ၌ အသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် သွင်းဂိုး ၂၀ ရယူပေးနိုင်ခဲ့သည့် ၎င်း၏ခြေစွမ်းမှာ ပုံမှန်ပွဲထွက်ခွင့်ဖြင့် ထိုက်တန်သည်ဟု မိုရာတာက ယူဆထားသည်။

မန်ယူသည် အသင်းတိုက်စစ်အတွက် အဓိက အင်အားဖြည့်တင်းမှုအဖြစ် လုကာကုကို ခေါ်ယူရရှိလိုက်ပြီဖြစ်၍ မိုရာတာကို လက်လျှော့လိုက်ဖွယ် ရှိနေပြီဖြစ်ကာ ယင်းအတွက် ချယ်လ်ဆီးနည်းပြ ကွန်တီက မိုရာတာ အပြောင်းအရွှေ့အတွက် ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူများနှင့်တွေ့ဆုံရန် စီစဉ်လိုက်ခြင်းဖြစ်သည်။

ချယ်လ်ဆီးသည် မိုရာတာကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ပမာဏ ပေါင်သန်း ၇၀ အသုံးပြုရန် စီစဉ်ထားပြီး ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူများမှာ မိုရာတာကိုခေါ်ယူရန် မန်ယူက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၃ သန်းဖြင့် ကမ်းလှမ်း ဆက်သွယ်ခဲ့ချိန်၌ ၎င်းတို့၏ ကစားသမားဖြစ်သူကို ပေါင်သန်း ၈၀ ရရှိမှသာ လက်လွှတ်ပေးနိုင်မည်ဟု အကြောင်းပြန်ခဲ့ဖူးသည်။

မိုရာတာသည် လာမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ အဓိက ပွဲထွက်ကစားသမားအဖြစ် ကစားခွင့် ရလိုလျက်ရှိပြီး ယင်းအချက်ကြောင့်ပင် ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာ၍ ပွဲထွက်ကစားခွင့် အာမခံချက်ရှိနိုင်မည့် အသင်းသစ်တစ်သင်းထံ ပြောင်းရွှေ့ရန် မိုရာတာ ကိုယ်တိုင်ကလည်း လိုလားနေသည်။


  • VIA