News

POST TYPE

POPULAR POST

ဧရာဝတီတိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွား၊ သေဆုံးမှု မြင့်တက်
10-Jul-2017

ပုသိမ်၊ ဇွန်လ ၁၃

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားပြီး သေဆုံးမှု တဖြည်းဖြည်းပိုများလာကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ဇန်နဝါရီလဆန်းမှ ဇွန်လ ၁၂ ရက်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၀၀ ကျော်နှင့် သေဆုံးသူ ၉ ဦးအထိ ရှိခဲ့ရာမှ ဇူလိုင်လ ၁၀ ရက်နေ့အရောက်တွင် ၁၆၇၂ ဦးဖြစ်ပွားပြီး ၁၉ ဦး သေဆုံးခဲ့သည်။

တိုင်းဒေသကြီးအတွင်း ခရိုင်မြို့ကြီးဖြစ်သည့် ဟင်္သာတမြို့နယ်တွင် ၂၂၆ ဦးဖြစ်ပွားကာ အများဆုံးဖြစ်ပြီး မအူပင်မြို့နယ်တွင် ၁၉၆ ဦးဖြစ်ပွားကာ ပုသိမ်မြို့နယ်တွင် ၁၂၈ ဦး ဖြစ်ပွားခဲ့သည်။

ဝါးခယ်မမြို့တွင် ၄ ဦးသေဆုံးကာ တိုင်းဒေသကြီးအတွင်း သေဆုံးမှု အများဆုံးဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ရောဂါသယ်ဆောင်သည့် ပိုးပွားကောင်မှတစ်ဆင့် ကူးဆက်ရောဂါများ နှိမ်နင်းရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မြတ်မင်းထွန်းက ပြောကြားသည်။

“ဖြစ်နေတဲ့ ရာသီဥတု အခြေအနေနဲ့ အပူချိန်က သွေးလွန်တုပ်ကွေးဖြစ်တဲ့ အင်းဒိခြင်ပေါက်ဖွားနိုင်တဲ့ အနေအထားဖြစ်နေတယ်၊ ထူးထူးကဲကဲ ဖြစ်နေတာပါ၊ ဒါကြောင့် ကြိုတင်ကာကွယ် ရေးလုပ်ငန်းတွေ လုပ်ခဲ့ကြတယ်။ ဖြစ်လာမှ ကုသတာထက် ကြိုတင်ကာကွယ်က ပိုပြီးထိရောက်တယ်။ ဒါပေမဲ့ လူထုရဲ့ တစ်ဦးချင်း ပူးပေါင်း ပါဝင်မှုက နည်းနေတယ်။ ကျန်းမာရေးဌာန လူမှုရေးအဖွဲ့တွေနဲ့ အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောကြားသည်။

ပုသိမ်မြို့ ခုတင် ၅၀၀ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသူများတွင် နယ်ကျေးလက်ဒေသမှ လာရောက် ကုသသူများမှာ အပြင်းအထန်ဖြစ်၍ ရောက်ရှိလာသူများဖြစ်ပြီး မြို့ပေါ် နေထိုင်သူများမှာ ရောဂါပြင်းထန်မှုမရှိမီ လာရောက်ကုသသူများ ဖြစ်ကြောင်း ယင်းဆေးရုံးမှ အကြီးတန်းသူနာပြု ဆရာမကြီးတစ်ဦးက ရှင်းပြသည်။

အသက် ၁၅ အထက်ရှိသူများပါ ဖြစ်ပွားနေသဖြင့် ကလေးသူငယ် လူကြီး၊ လူငယ်မရွေး သွေးလွန်တုပ်ကွေး ဖြစ်ပွားနေသည်ဟု ၎င်းက ဆိုသည်။

R-12


  • VIA