News

POST TYPE

POPULAR POST

အမေရိကန် အလည်အပတ်ခရီးစဉ်တွင် အမျိုးသမီးတစ်ဦးနှင့် ပေါ့ဂ်ဘာ နေ့စဉ် ချိန်းတွေ့ခဲ့
10-Jul-2017
လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁၀

မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ခရီး ရောက်ရှိနေစဉ်ကာလအတွင်း အမျိုးသမီးငယ်တစ်ဦးနှင့် နေ့စဉ်ပင် ချိန်းဆိုတွေ့ဆုံခဲ့ကြောင်း The Sun က ဖော်ပြထားသည်။

ပေါ့ဂ်ဘာသည် ယင်းအမျိုးသမီးငယ်ကို ၎င်း၏သူငယ်ချင်းသစ်ဟု ပြောကြားထားသော်လည်း သတင်းမီဒီယာများကမူ ပေါ့ဂ်ဘာနှင့် ယင်းအမျိုးသမီးငယ်၏ ဆက်ဆံရေးမှာ သူငယ်ချင်းအဆင့်ထက် များစွာပိုသည်ဟု သုံးသပ်ပြောကြားထားသည်။

ပေါ့ဂ်ဘာသည် လော့စ်အိန်ဂျလိစ်မြို့သို့ ရောက်ရှိလာချိန်တွင် ဒရိတ်ခ်အားကစားကွင်း၌ နေ့စဉ်ပင် လေ့ကျင့်ရေးဆင်းခဲ့ပြီး ပေါ့ဂ်ဘာ လေ့ကျင့်ရေး ဆင်းနေချိန်များတွင်လည်း ယင်းအမျိုးသမီးငယ်မှာ လေ့ကျင့်ရေးကွင်းပတ်ဝန်းကျင်၌ အမြဲတစေ ရှိနေခဲ့သည်။

သတင်းမီဒီယာများသည် ပေါ့ဂ်ဘာကို လေ့ကျင့်ရေး အစီအစဉ်များအပြီးတွင် ၎င်းနှင့်အတူရှိနေသော မိန်းကလေးမှာ ၎င်း၏ချစ်သူ ဟုတ်၊ မဟုတ် မေးမြန်းခဲ့ပြီး ပေါ့ဂ်ဘာက လက်ရှိအချိန်တွင် ၎င်း၌ ချစ်သူမရှိသေးဟု ဖြေကြားသွားခဲ့သည်။

သို့သော် ညနေပိုင်း အချိန်များတွင် ဟောလိဝုဒ်ရှိ TAO စားသောက်ဆိုင်သို့ ညစာစားရန် ပေါ့ဂ်ဘာ လာရောက်ရာ၌ ယင်းမိန်းကလေးမှာ ပေါ့ဂ်ဘာနှင့်အတူ လိုက်ပါလာခဲ့ပြီး ပေါ့ဂ်ဘာနှင့် ယင်းအမျိုးသမီးငယ်တို့မှာ ချစ်သူအဖြစ်သို့ တရားဝင် မရောက်သေးသည့်တိုင် သာမန် ချိန်းတွေ့သည့်အဆင့်ထက် များစွာ ကျော်လွန်နေပြီဖြစ်သည်ဟု TMZ သတင်းမီဒီယာက ဆိုသည်။

ပေါ့ဂ်ဘာနှင့် အမည်မသိ ယင်းအမျိုးသမီးငယ်တို့သည် ဟောလိဝုဒ်ရှိ TAO စားသောက်ဆိုင်သို့ အနီရောင် ရိုးလ်ရွိုက်စ်ဇိမ်ခံကားကို စီးနင်းကာ ရောက်လာခဲ့ကြခြင်းဖြစ်ပြီး ညစာစားပြီး အပြန်တွင် ပေါ့ဂ်ဘာက ယင်းအမျိုးသမီးငယ်ကို လမ်းဘေးရှိ ပန်းရောင်းသူ အမျိုးသမီးတစ်ဦးထံမှနေ၍ နှင်းဆီပန်း သုံးပွင့်ကို လက်ဆောင်အဖြစ် ဝယ်ပေးခဲ့သည်။

ပေါ့ဂ်ဘာသည် လက်ဆောင်ပေးရန်အတွက် နှင်းဆီပန်းဝယ်ယူရာတွင် ၁၀ ယူရိုသာ ကုန်ကျခဲ့ပြီး ချိန်းတွေ့ခဲ့သူ မိန်းကလေးကို ပေါ့ဂ်ဘာပေးအပ်လိုက်သည့် ယင်းလက်ဆောင်အား သတင်းမီဒီယာများက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ရ ကစားသမား၏ ဈေးအပေါဆုံး လက်ဆောင်ဟု ရေးသားဖော်ပြခဲ့ကြသည်။


  • VIA