News

POST TYPE

POPULAR POST

လော့စ်အိန်ဂျလိစ်သို့ မန်ယူအသင်းရောက်ရှိ၊ ဂရစ်ဇ်မန်းနှင့် အေးဂျင့်ဖြစ်သူတို့ လမ်းခွဲ
10-Jul-2017
လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁၀

မန်ယူအသင်းသည် ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အမေရိကန် ပြည်ထောင်စုတွင် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲများအတွက် မန်ယူနည်းပြ မော်ရင်ညိုက အသင်းကို ကစားသမား အရေအတွက် ၂၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်း Sportmail က ဖော်ပြထားသည်။

မန်ယူအသင်းနည်းပြအဖွဲ့ဝင်များနှင့် အသင်းကစားသမားများသည် လော့စ်အိန်ဂျလိစ်မြို့ မွန်တိတ်ဂျ်အရပ်ရှိ ဘီဗာလီဟေးလ် ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးတွင် တည်းခိုလျက်ရှိပြီး ယခုခြေစမ်းခရီးစဉ်က လာမည့် ၂၀၁၇-၁၈ ဘောလုံးရာသီသစ်အတွက် ပြင်ဆင်ရာတွင် လွန်စွာ အရေးပါလိမ့်မည်ဖြစ်ကြောင်း နည်းပြမော်ရင်ညိုက သုံးသပ်ထားသည်။

မန်ယူသည် လက်ရှိ ရာသီကြို ကာလအတွင်း၌ ခြေစမ်းပွဲ ခုနစ်ပွဲ ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ယင်းခြေစမ်းပွဲ ခုနစ်ပွဲအနက် ငါးပွဲကို မန်ယူက အမေရိကန် ပြည်ထောင်စုတွင် ယှဉ်ပြိုင် ကစားသွားလိမ့်မည်ဖြစ်သည်။

မန်ယူသည် လာမည့် ဇူလိုင်လ ၁၆ ရက်နေ့တွင် အယ်လ်အေဂလက်ဆီနှင့်လည်းကောင်း၊ လာမည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် ရီးရဲလ်ဆော့တ်လိတ်ခ်နှင့်လည်းကောင်း ခြေစမ်းပွဲများ စတင် ယှဉ်ပြိုင်လိမ့်မည်ဖြစ်ပြီး ယင်းနောက်တွင် မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နှင့် အပြည်ပြည်ဆိုင်ရာ ချန်ပီယံဖလားပွဲစဉ်များကို မန်ယူက ဆက်လက် ကစားသွားလိမ့်မည်ဖြစ်သည်။

မန်ယူနည်းပြ မော်ရင်ညို ခေါ်ယူလိုခဲ့သည့် အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ၎င်း၏အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်နေသော အဲရစ်အောလ်ဟတ်နှင့် လမ်းခွဲလိုက်ပြီဖြစ်ကာ ယခုကဲ့သို့ ဂရစ်ဇ်မန်း ဆုံးဖြတ်လိုက်သည်မှာ မန်ယူထံသို့ ၎င်းပြောင်းရွှေ့ ခွင့်ရနိုင်ရန် အောလ်ဟတ်က ဆောင်ရွက်မပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်ဖွယ်ရှိကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

ဂရစ်ဇ်မန်းသည် ၎င်း၏အသက် ၁၄ နှစ်အရွယ်ကတည်းကပင် အောလ်ဟတ်ကို အေးဂျင့်အဖြစ် ခန့်အပ်တာဝန်ပေးထားခဲ့ခြင်းဖြစ်ပြီး ဂရစ်ဇ်မန်း၏ အေးဂျင့်အဖြစ် အလုပ်လုပ်ပေးခွင့် မရှိတော့သည့်အတွက် လက်ရှိတာဝန်ထမ်းဆောင်နေသော ဆိုစီဒက်အသင်း ဘောလုံးကင်းထောက်တာဝန်ကို ယခုထက်ပို၍ အချိန်ပေးနိုင်တော့မည်ဟု အောလ်ဟတ်က အကောင်းမြင်သွားခဲ့သည်။

ဂရစ်ဇ်မန်းသည် အက်သလက်တီကိုနှင့် စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးထားသော်လည်း ယင်းစာချုပ်၏ စာချုပ်ဖျက်သိမ်းခ တန်ကြေးကိုမူ ယခင်စာချုပ်ဟောင်း ကဲ့သို့ပင် ပေါင် ၈၈ သန်းသာ သတ်မှတ်စေခဲ့ပြီး ဂရစ်ဇ်မန်းမှာ လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်တွင် မန်ယူထံသို့ ပြောင်းရွှေ့ခွင့်ရနိုင်ရန် မျှော်လင့်ထားဆဲဖြစ်သည်ဟု ဆက်စပ် သတင်းများလည်း ထွက်ပေါ်နေသည်။


  • VIA