News

POST TYPE

POPULAR POST

တာချီလိတ်တွင် ပရိုဗောက်ယာဉ်ပေါ်မှ ကျားသေတစ်ကောင် ဖမ်းမိ
10-Jul-2017
ကျိုင်းတုံ၊ ဇူလိုင် ၁၀

တာချီလိတ်မြို့ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၉ ရက် နေ့လယ်ပိုင်းက ပရိုဗောက်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ကျားသေတစ်ကောင်ကို တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနက ဖမ်းဆီးရမိခဲ့သည်။ 

တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ အသက် ၅၇ နှစ်အရွယ် ယာဉ်မောင်းစိုင်းနွဲ့နှင့် အသက် ၂၈ နှစ်အရွယ် ငြိမ်းချမ်းတို့ စီးနင်းလာသည့် ပရိုဗောက်ယာဉ်ကို စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်နောက်ခန်းအတွင်း၌ ဦးခေါင်းမှ အမြီးအထိ ၈ ပေ ၈ လက်မခန့်ရှိ ကျားအထီးအသေတစ်ကောင်ကို တွေ့ရှိ၍ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြာင်း ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ကျိုင်းတုံရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်သိန်းက ပြောဆိုသည်။ 

"ဒီဒေသမှာက ကျားမရှိတဲ့အတွက် ဘယ်ကနေ သယ်ဆောင်လာတယ် ဆိုတာကို စစ်ဆေးကြည့်တော့ ထိုင်းဘက်က အာခါတိုင်းရင်းသားနှစ်ဦးက ရောင်းလို့ ဝယ်ယူခဲ့တယ်လို့ ထွက်ဆိုတယ်။ သေချာတာကတော့ မိုင်းလားဈေးကွက်မှာ သွားရောင်းချမယ်လို့ သိရတယ်” ဟု ဦးစိုးမြင့်သိန်းက ပြောကြားသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုင်းတုံမြို့နယ်၌ နေထိုင်သည့် အသက် ၅၇ နှစ်အရွယ် စိုင်းနွဲ့နှင့် အသက် ၂၈ နှစ်အရွယ် ငြိမ်းချမ်းတို့ နှစ်ဦးကို တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က) အရ အမှုဖွင့် အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရှိရသည်။

ဓာတ်ပုံ - SPTH

R-16