News

POST TYPE

POPULAR POST

မယားပါသမီးအား ခြိမ်းခြောက်သားမယားပြုသည့် ပထွေးကို ထောင်ဒဏ်အနှစ် ၂၀ ချ
10-Jul-2017
ရန်ကုန်၊ ဇူလိုင် ၉ 

ဒုတိယတန်း ဖြေဆိုထားသည့် အသက် ၁၀ နှစ်အရွယ် မယားပါသမီးကို  ခြိမ်းခြောက်သားမယား ပြုကျင့်ခဲ့သည့် ပထွေးကို ဇူလိုင်လ ၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ၂၀ ကျခံစေရန် အမိန့်ချခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။

သာကေတမြို့နယ်၊ ၁၀/တောင် (၁၂) ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသားသည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဒုတိယတန်း တက်ရောက်သင်ကြားနေသည့် အသက် ၁၀ နှစ်အရွယ် မယားပါသမီးကို ကျောင်းကြိုပို့ရာမှ ပြန်လာစဉ် မုန့်ဖိုးပေးမည်ဟုဆိုကာ သားမယား ပြုကျင့်ပြီး မိခင်ကို ပြန်လည်ပြောပြပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်ရ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကလေးက ဗိုက်အောင့်နေတယ်လို့ ပြောပြရာကနေ သိခဲ့ရတာပါ၊ ကျောင်းကနေအပြန် မီးရထားသံလမ်းဘေး ချုံပုတ်တစ်ခုအတွင်းမှာ သားမယားပြုကျင့်ခဲ့တာ တစ်ကြိမ်၊ ပြီးတော့ နေအိမ်မှာ တစ်ကြိမ် ထပ်မံပြုကျင့်ခဲ့တယ်လို့ သိရတယ်၊ အဲဒါကြောင့် သူ့မိခင်ကနေ အမှုဖွင့် တိုင်ကြားခဲ့တာပါ။ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ်ချမှတ်လိုက်တာ” ဟု အရှေ့ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အသက် ၁၀ နှစ်အရွယ် မယားပါသမီးအား သားမယား နှစ်ကြိမ်ပြုကျင့်ခဲ့သည် ဟုဆိုသော အမျိုးသားကို သာကေတ နယ်မြေရဲစခန်းက (ပ) ၂၄၁/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီးကာ တရားစွဲဆိုခဲ့ပြီး အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး(၈) က ရာဇဝတ် အမှုကြီးအမှတ် ၉၂/၁၇ ဖြင့် လက်ခံစစ်ဆေးကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

J 16