POST TYPE

POPULAR POST

“ဘောဂဗေဒမှာ ဘိုးဘိုးအောင်မရှိဘူးကွ”
10-Jul-2017

ဒေါက်တာလှမြင့်ဟာ ကျွန်တော့်အမေရဲ့ အစ်ကိုကြီးဖြစ်တော့ ကျွန်တော်နဲ့ ဦးကြီးတော်စပ်သူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို လွယ်လွယ်ကူကူပဲ ‘ဘကြီး’ လို့ ခေါ်ပါတယ်။ ကျွန်တော်နဲ့ ဘကြီးဟာ ကျွန်တော် ငယ်စဉ်အခါတည်းက ကွဲသွားခဲ့ရပြီး ကျွန်တော် အသက်တော်တော်ကြီး မှ ပြန်လည်တွေ့ဆုံခဲ့ကြရပါတယ်။

ဒီအခမ်းအနားမှာ ကျွန်တော့်ဘကြီးရဲ့ ပညာပိုင်းဆိုင်ရာဆောင်ရွက်ချက်များ၊ သူ့ရဲ့ Economic Theory များကို ရှုထောင့်အမျိုးမျိုးနဲ့ စုံစုံလင်လင် ပြောကြားသွားပြီးဖြစ်ပါတယ်။ ယခု ကျွန်တော်မီလိုက်တဲ့ ကျွန်တော့်ဘကြီးအကြောင်း နည်းနည်းပြောလိုပါတယ်။

အများသိကြတဲ့အတိုင်း ကျွန်တော့်ဘကြီးဟာ အင်္ဂလန်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး သူ့ဇနီးဆုံးသွားပြီးနောက် ကျွန်တော်ရဲ့ အဆွယ်ကောင်းမှုကြောင့် ကျွန်တော်နဲ့ ကျွန်တော့်အမေရှိရာ ဘန်ကောက်မြို့ကို ရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။

ဘကြီးဟာ ဘန်ကောက်မြို့မှာ ဆယ်နှစ်ကျော် ငြိမ်းချမ်းစွာ နေထိုင်သွားခဲ့တဲ့ကာလမှာ ဗမာပြည်ရဲ့အကြောင်းကို အမြဲတစေ မျက်ခြည်မပြတ် နားစွင်ခဲ့ပါတယ်။ သတင်းစာကိုတောင် ဗမာပြည် သတင်းတွေ ပိုပြီးပါတဲ့ Nation သတင်းစာကို ရွေးပြီးဖတ်ပါတယ်။

ဗမာပြည်က ကျွန်တော့်မိတ်ဆွေများ လာတွေ့ကြတဲ့အခါမှာ စပါးအထွက်ကောင်းရဲ့လား၊ စပါးဈေးကွက်ဘယ်လိုလဲ၊ လယ်သမားတွေ ချောင်လည်ရဲ့လား စတဲ့ မေးခွန်းတွေအပြင် ခေတ်နှင့်လျော်ညီတဲ့ မေးခွန်းတွေဖြစ်တဲ့ ကုန်ဈေးနှုန်းတွေ ဘယ်နှယ့်နေလဲ၊ မီးမှန်မှန်လာရဲ့ လား၊ ကားတွေအရမ်းကျပ်တယ်ဆို အစရှိသဖြင့် စိတ်ဝင်တစား မေးလေ့ရှိပါတယ်။ ဒီပရိသတ်တွေထဲမှာလည်း ဒီလိုမေးခွန်းတွေ အမေးခံရသူများ အများအပြားရှိပါတယ်။ သူဟာ နိုင်ငံခြားမှာ အကြာ ကြီးနေထိုင်သွားခဲ့ပေမယ့် ဗမာပြည်ကို အင်မတန်မှ သံယောဇဉ်ကြီးသူ တစ်ယောက် ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။

လူအများဟာ ကျွန်တော့်ဘကြီးကို စီးပွားရေးပညာရှင်တစ်ယောက် အနေနှင့်သာ သိကြပါတယ်။ သူအင်မတန်မြတ်နိုးခဲ့တာ မြန်မာစာပေ ဖြစ်တယ်ဆိုတာကို သိသူအလွန်နည်းပါးပါတယ်။ သူ့စာအုပ်စင်ပေါ်မှာ ဆိုလျှင် ဦးဖိုးကျား၊ သိပ္ပံမောင်ဝ၊ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ်တို့ရဲ့ စာအုပ်များအပြင် ရှေးသီချင်းကြီး၊ သီချင်းခန့်၊ လေးချိုး၊ ဒွေးချိုးစာအုပ်များလည်းရှိပါတယ်။ တစ်ခါတစ်ရံ ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့ လေးချိုး၊ ဒွေးချိုးတွေကို ကျွန်တော်နဲ့ ကျွန်တော့် မိတ်ဆွေများကို အလွတ်ရွတ်ပြလေ့ရှိပါတယ်။ သူဟာ ရန်ကုန်တက္ကသိုလ် မှာနေစဉ် မြန်မာစာထူးချွန်တဲ့အတွက် ‘သာဒိုးအောင်’ ဆုတံဆိပ်ကို ရရှိခဲ့ဖူးပါတယ်။

အခုနောက်ဆုံးအနေနဲ့ ကျွန်တော့်ဘကြီးဆီကရလိုက်တဲ့ အင်မတန်မှ ထူးခြားတဲ့စီးပွားရေးပညာအကြောင်းကို ပြောပြချင်ပါ တယ်။ ခေတ်ရဲ့တောင်းဆိုချက်နဲ့လည်း ကိုက်ညီလိမ့်မယ်လို့ ထင်ပါ တယ်။ ကျွန်တော့် Background ဟာ Architecture ဖြစ်ပြီး စီးပွားရေးပညာဆိုတာကို လုံးဝနားမလည်ခဲ့ပါဘူး။

ခုနကပြောခဲ့တဲ့အတိုင်း ကျွန်တော်နဲ့ ဘကြီးဟာ နှစ်ပေါင်းများစွာ ကွဲသွားခဲ့ရပြီး ၁၉၈၉ ခုနှစ် New York မှာ မမျှော်လင့်ဘဲ ပြန်တွေ့ခဲ့ရပါတယ်။ ကျွန်တော်ဟာ ၈၈ နောက်ပိုင်း ဗမာပြည်မှာ လုပ်စရာမရှိတော့တဲ့အတွက် မိတ်ဆွေ၊ သူငယ်ချင်းများရှိရာ New York ကို အလုပ်ရှာရန် ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။

ကျွန်တော် New York ကိုရောက်ပြီး နှစ်ပတ်အကြာမှာ ဘကြီးလည်း Washington, World Bank အစည်းအဝေးတက်အပြီး ကျွန်တော့်ကို New York မှာ တမင်တကာလာတွေ့ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုဟာ Columbia University က ဆရာ Findlay အိမ်မှာ ဘကြီးနဲ့ချိန်းပြီး တွေ့ခဲ့ကြပါတယ်။ ပြီးတော့ ကျွန်တော့်အစ်ကိုရဲ့ အစီအစဉ်အရ New Jersey က ဟိုတယ်တစ်ခု မှာ တစ်ညတည်းပြီး စကားတွေပြောဖြစ်ခဲ့ပါတယ်။ မတွေ့တာကြာပြီ ဆိုတော့ ပြောစရာတွေကလည်းများ ဘကြီးကလည်း သူပါလာတဲ့ Brandy ပုလင်းလေးကို ထုတ်လိုက်တော့ အဲဒီည အတော်ညဥ့်နက် သွားပါတယ်။

မနက်ကြတော့ Breakfast စားရင်း စကားတွေဆက်ပြောကြပါတယ်။ ကျွန်တော် မနေ့က မမေးဖြစ်ဘဲ အောင့်အည်းထားခဲ့ရတဲ့ မေးခွန်းတွေကို မေးလိုက်မိပါတယ်။ ကျွန်တော် ဗမာပြည်ကထွက်လာတဲ့အချိန်မှာ တိုင်းပြည်ဟာ ခေတ်ပြောင်းသွားပြီး ပါတီစုံဒီမိုကရေစီ ရွေးကောက် ပွဲလုပ်ဖို့အတွက် စီစဉ်နေကြတဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော့်တစ်သက်လုံး တိုင်းပြည်စီးပွားရေးနိမ့်ကျမှုကို ကိုယ်တွေ့ခံစားခဲ့ရတော့ ‘ဗမာပြည် ပြန်လည်ထူထောင်ရေးအတွက် ဘယ်ကစလုပ်ရင် ကောင်းမလဲ’ ဆိုတဲ့ Million Dollar Question ကြီးကို စိတ်အားထက်သန်စွာနဲ့ မေးချလိုက်ပါတယ်။

သူက ကျွန်တော့်ကိုပြုံးကြည့်ရင်း “မင်း အမေရိကန် ရောက်လာ တာ နှစ်ပတ်ပဲရှိသေးတယ်ဆိုတော့ မင်း ဘယ်ကစပြီးလုပ်ရမယ်ဆိုတာ မသိဘူး မဟုတ်လား၊ ငါလည်း မင်း Background ကိုမသိတော့ ဘာမှ အကြံမပေးတတ်ဘူး”ဒါပေမဲ့ မင်းသိဖို့လိုတာက “မင်းဘယ်ဘက်မှာကောင်းသလဲဆိုတာ ကို မင်းသိရမယ်၊ အဲဒီဘက်ကို တစိုက်မတ်မတ်နဲ့ ကြိုးစားပြီးလုပ်ရမှာ ပေါ့” ငါတို့တိုင်းပြည် ဘယ်ဘက်မှာ ကောင်းသလဲ။ လယ်ယာစိုက်ပျိုး ရေးဘက်မှာ ကောင်းတာပေါ့။ အဲဒီတော့ လယ်ယာစိုက်ပျိုးရေးကိုပဲ ကြိုးစားလုပ်ရမှာပေါ့။ အဲလိုမှမဟုတ်ဘဲ သံမဏိစက်ရုံကြီးတွေ တည်ထောင်ချင်တယ်ဆိုရင်တော့ မှားမှာပေါ့။ အဲဒါ Economics ပဲ။ Economics ဆိုတာ Common Sense ပဲ။ မင်းကို အခု Breakfast စားရင်းပြောလိုက်တာ Economics Theory အကုန်ပဲ။

ပြီးပါလေရော့ ကျွန်တော်တို့တိုင်းပြည် ပြန်လည်ထူထောင်ရေး အတွက် ကမ္ဘာကျော် Development Expert ဘကြီးဆီမှ အလွန် ကြီးကျယ်ထက်မြက်တဲ့ Economic Policy ကြီးကို ကြားရတော့ မယ်လို့ မျှော်လင့်ထားမိတဲ့ ကျွန်တော်ဟာ အတော်ကိုစိတ်ပျက်သွား ပါတယ်။ အဲဒါနဲ့ မပြီးသေးဘူး သူက ဆက်ပြီးတော့ “ခက်တာက ငါတို့ လူမျိုးက ဘိုးဘိုးအောင်ကိုမျှော်တယ်။ နေ့ချင်းညချင်း ပြောင်းလဲချင် တယ်၊ ကြီးပွားချင်တယ်။ ဒါပေမဲ့ Economics မှာ ဘိုးဘိုးအောင်မရှိ ဘူးကွ၊ တဖြည်းဖြည်း ကြိုးစားလုပ်သွားမှရတာ”
အဲဒီတော့မှ ကျွန်တော်လည်း ဘိုးဘိုးအောင်ကိုမျှော်တဲ့ သူတွေ ထဲမှာ ပါနေမှန်းသိလိုက်ရတော့တယ်။ ကျွန်တော့်ကို တိုက်ရိုက်ပြော လိုက်တာ မဟုတ်ပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း ဘိုးဘိုးအောင်ကို မျှော်မိလေတော့ အတော်ပဲ ခံရခက်သွားပါတယ်။

ဒါပေမဲ့ သူပြောပြတာဟာ ရိုးရိုးရှင်းရှင်းနဲ့ သဘာဝကျနေလေ တော့ ကျွန်တော် ဘာမှဆက်မေးစရာမရှိဘဲ ဖြစ်သွားပါတယ်။ ဒါပေမဲ့ အဖြေကောင်းရမယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးခဲ့တဲ့အတွက် မကျေမနပ် ဖြစ်မိတာကတော့ အမှန်ပါပဲ။

အဲဒီမကျေနပ်ချက်ကြောင့် နှစ်ပေါင်းများစွာကြာမှ ဘကြီးကို စိတ်ထဲကနေ စောဒကတက်လိုက်မိပါတယ်။ အဲဒါကတော့…”ကျွန်တော်တို့ ဗမာလူမျိုးတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခတွေရောက်နေရတာကို ဘိုးဘိုးအောင် မကယ်နိုင်မှန်း သဘော ပေါက်ပေမယ့် ဘိုးဘိုးအောင်ကို မျှော်မိကြတာကို အပြစ်မတင်သင့်ပါ ဘူးလို့ ဘကြီးကွယ်ရာမှာ ဘကြီးကို ချေပပြောဆိုရင်းနဲ့ ကျွန်တော် နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျား”

ကျေးဇူးတင်ပါတယ်။ 

ဦးသီဟ