News

POST TYPE

POPULAR POST

အားပြန်သွင်းစရာ မလိုသည့် မိုဘိုင်းလ်ဖုန်း တီထွင်
10-Jul-2017 tagged as ဖုန်း နည်းပညာ

ဝါရှင်တန်၊ ဇူလိုင်၉

မိုဘိုင်းလ်ဖုန်းများအတွင်း ဘက်ထရီကို ထည့်သွင်းထားစရာ မလိုဘဲ ဆက်သွယ်ပြောကြားနိုင်မည့် အားသွင်းစရာ မလိုသော ဖုန်းတစ်မျိုးကို ဝါရှင်တန် တက္ကသိုလ်မှ ပညာရှင်များက အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း Mashable သတင်းတွင် ဖော်ပြထားသည်။

ရှေ့ပြေးတီထွင်စမ်းသပ်မှုတစ်ခု ဖြစ်သည့် ဘက်ထရီမဲ့ ဖုန်းတွင် 3.5 mocrowatts စွမ်းအင်ကို ထုတ်ပေးနိုင်သည့် အရည်တစ်မျိုးကိုသာ ထည့်သွင်းပေးထားပြီး ဘက်ထရီဆဲလ်များကို လုံးဝအသုံးပြုစရာ မလိုဟု ယင်းသတင်းက ဆိုသည်။

ဘက်ထရီမဲ့ဖုန်းသည် လုပ်ဆောင်နိုင်မည့် စွမ်းအင်ကို ရေဒီယိုလှိုင်းများနှင့် အလင်းရောင်များကို စုပ်ယူပြီး စွမ်းအင်အဖြစ် အသုံးပြုနိုင်ရန် တီထွင်ထားသည်။ 

ဖုန်းအတွင်း ကတ်ပေါ်တွင် ဆိုလာဆဲလ်ပြားတစ်ခုကို ထည့်သွင်းပေးထားပြီး၊ ယင်းဆဲလ်ကလည်း ဆန်စေ့တစ်စေ့ အရွယ်မျှသာ ရှိကာ၊ ပေ ၅၀ အကွာအဝေးတိုင်းရှိ Signal ထုတ်လွှင့်သော တာဝါတိုင်းနှင့် ချိတ်ဆက်လုပ်ဆောင်ပေးနိုင်စွမ်း ရှိစေမည် ဖြစ်သည်။

စမ်းသပ်နေသည့် ဖုန်းတွင် ဖုန်းနံပါတ်နှိပ်နိုင်သည့် နံပါတ်များ၊ ဆားကစ်ဘုတ်နှင့် ဆက်သွယ်လုပ်ဆောင်နိုင်စွမ်း ရှိသော သာမန်ပစ္စည်းများ အားလုံးကို ထည့်သွင်းထားပြီး အလွယ်တကူပင် အသုံးပြုနိုင်ရန် တီထွင်ထားသည်။

ယခုဖုန်းတွင် အထူးခြားဆုံးသော တီထွင်မှုမှာ စွမ်းအင်ကို အနည်းဆုံး အနေအထားတွင် ရရှိနေရုံနှင့်ပင် Signal များကို ထုတ်လွှတ်နိုင်ခြင်း၊ လက်ခံနိုင်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်သည်။

တီထွင်သူများသည် မိမိတို့ တီထွင်ထားသည့် ဖုန်းများကို Skype အား အသုံးပြုပြီး အပြန်အလှန် ဆက်သွယ်နိုင်စေရန် စမ်းသပ်ပြခဲ့သည်။

အသစ်ထုတ်မည့် ဖုန်းများတွင် e-ink ဆိုသည့် မြင်ကွင်းကို အသုံးပြုပြီး ဗီဒီယိုဖြင့် သံကြားရုပ်မြင် ဖုန်းခေါ်ဆိုနိုင်မှုများကိုပါ တိုးမြှင့်လုပ်ဆောင်သွားနိုင်စေရန် စမ်းသပ်နေကြောင်း တီထွင်သူများက ဆိုသည်။

ဘက်ထရီမဲ့ဖုန်းများ အသုံးပြုနိုင်ရန်အတွက် စွမ်းအားကောင်းသည့် သီးခြားဆက်သွယ်ရေး ဌာနများကို နေရာအနှံ့ ထပ်မံတည်ဆောက်ရန် လိုအပ်ကြောင်း တီထွင်သူ ဗမ်ဆီတောလ်က ပြောကြားသည်။

“အနာဂတ်မှာ ဆက်သွယ်ရေးတာဝါတိုင်တွေ၊ Wi-Fi ထပ်ဆင့် ဖမ်းယူပစ္စည်းတွေမှာ ဘက်ထရီမဲ့ ဖုန်းတွေကို အသုံးပြုနိုင်ဖို့ စနစ်တွေနဲ့ နည်းပညာတွေကို ထည့်သွင်းလာမယ်လို့ မျှော်လင့်ပါတယ်” ဟု တီထွင်သူ တောလ်က ဆိုသည်။ 

အနာဂတ်တွင် အိမ်၌ Wi-Fi ဆက်သွယ်ရေးစက် တစ်လုံးကို ထားရုံဖြင့် ဘက်ထရီမဲ့ ဖုန်းများကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း ယင်းက ဆိုသည်။