News

POST TYPE

POLITICAL

၆၆(ဃ) ဖြင့် အဖမ်းခံရလျှင် အာမခံရသင့်ဟု ဦးဝင်းထိန်ပြော
30-Jun-2017 tagged as ဦးဝင်းထိန်

နေပြည်တော်၊ ဇွန် ၃၀

သတင်းမီဒီယာများ အပါအဝင် ပြည်သူအများအပြား၏ အင်တာနက် စာမျက်နှာတွင် လွတ်လပ်စွာ ပြောဆိုဝေဖန်ရေးသားမှုကို အကြီးအကျယ် ခြိမ်းခြောက်နေသော ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဖမ်းဆီးတရားစွဲဆိုခံရလျှင် အာမခံရသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။

လွှတ်တော်လေ့လာရေးခရီး လာရောက်သော ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် ဇွန်လ ၃၀ ရက်နေ့က တွေ့ဆုံစဉ် ဦးဝင်းထိန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပုဒ်မ ၆၆(ဃ) အမှုဖြစ်စဉ်များသည် အာမခံရသင့်သည်ဟု ယုံကြည်ကြောင်း၊ မကြာမီ ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်မည့် အစီအစဉ်၌ ယင်းအချက် ပါဝင်လာနိုင်မည် ဖြစ်ကြောင်း၊ သို့သော် ယင်းသို့ ပြင်ဆင်ရန် အကြံပြုသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တွင် ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း ဦးဝင်းထိန်က ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များကို ရှင်းပြသည်။
“၆၆(ဃ) မှာ အဓိက ပြဿနာက တရားသူကြီးတွေက တစ်ပြေးညီ အာမခံ မပေးတဲ့ ပြဿနာ” ဟု ဦးဝင်းထိန်က  ဆိုသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲခံရမှုများတွင် အာမခံမရခြင်းမှာ မဖြစ်သင့်ကြောင်း ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်ကောင်စီ ဇေယျာသီရီမြို့နယ်တွင် ပြုလုပ်သည့် ပညာရည်ချွန်ဆုပေးပွဲအပြီး သတင်းထောက်များကို ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်  အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုခဲ့သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ဦးဝင်းထိန်သည် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တွင် အဖွဲ့ဝင်ဖြစ်သည်။