News

POST TYPE

POLITICAL

ဓာတ်ငွေ့ပိုက်လိုင်းအတွက် ချေးငွေ ယူရိုသန်းတစ်ရာကျော်ဆပ်ရန် ကျန်ရှိ
27-Jun-2017 tagged as ဓာတ်ငွေ့

နေပြည်တော်၊ ဇွန် ၂၆

ရခိုင်ကမ်းလွန် ဂက်စ်ပိုက်လိုင်း စီမံကိန်းအတွက် အကောင်အထည်ဖော်ရန် ချေးယူထားသည့် ငွေအနက်မှ အတိုးနှင့် အရင်းပေါင်း ယူရို ၁၀၃,၆၄၁,၅၅၀,၃၅ ပေးဆပ်ရန် ကျန်ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ယနေ့ (ဇွန်လ ၂၆ ) တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် နမ္မတူ မဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေးက ရခိုင်ကမ်းလွန်မှ Gas ၁၂ ဘီလီယံ ကုဗပေကို တရုတ်နိုင်ငံသို့ နှစ်စဉ်ရောင်းချရန် စီမံကိန်းကာလ နှစ် (၃၀) အတွက် တစ်နှစ်တွင် Gas ရောင်းရငွေ မည်မျှရှိပြီး အမြတ်မည်မျှ ရှိကြောင်းနှင့် ရှမ်းပြည်နယ်လွှတ်တော်တွင် အတည်ပြုပြီးသော Gas ရောင်းရငွေ အမြတ် ၅ ရာခိုင်နှုန်းကို ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ မည်သည့်အချိန်တွင် ထည့်သွင်းရေးဆွဲချမှတ်ပေးမည်ကို သိလိုကြောင်း မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပိုက်လိုင်းစီမံကိန်းကို (CDB) ချေးငွေ ယူရို ၈၆,၁၆၁,၈၁၉,၄၆ ဖြင့် ၂၀၁၀ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအတွက် ချေးယူငွေတွင် အတိုးအရင်းပေါင်း ယူရို ၁၀၃,၆၄၁,၅၅၀.၃၅ ပေးဆပ်ရန် ကျန်ရှိနေကြောင်း ယင်းသို့ ပြန်လည်ပေးဆပ်နေဆဲ ကာလဖြစ်သောကြောင့် အကျိုးအမြတ် မရရှိသေးကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသည့် ယင်းပိုက်လိုင်း စီမံကိန်းတွင် CNPC ကုမ္ပဏီမှ ၅၀.၉ ရာခိုင်နှုန်း၊ Daewoo ကုမ္ပဏီမှ ၂၅.၀၄၁ ရာခိုင်နှုန်း၊ ONGC ကုမ္ပဏီမှ ၈.၃၄၇ ရာခိုင်နှုန်း၊ GAIL ကုမ္ပဏီမှ ၄.၁၇၃၅ ရာခိုင်နှုန်း၊ KOGAS ကုမ္ပဏီမှ ၄.၁၇၃၅ ရာခိုင်နှုန်းနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၇.၃၆၅ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းအပြင် ၂၀၁၃-၂၀၁၄ ခုနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ထည့်ဝင်ထားသည့် ရာခိုင်နှုန်းအရ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသော ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၁,၅၃၇,၆၇၀.၀၃ အား ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ယင်းအပြင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုငွေများ အားလုံးကို ဖြည့်ဆည်းပေးနေရပြီး အမြတ်ငွေ ၅ ရာခိုင်နှုန်းကို ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းပေးရန် အစီအစဉ် မရှိသေးကြောင်း ဒေါက်တာထွန်းနိုင်က ပြောကြားခဲ့သည်။

ယခင်အစိုးရ သက်တမ်း ၅ နှစ် အတွင်းက ရှမ်းပြည်နယ်လွှတ်တော်တွင် စီမံကိန်း အမြတ်ငွေ ၅ ရာခိုင်နှုန်းကို ပြည်နယ်နှင့် တိုင်းအစိုးရကို သုံးစွဲခွင့် ချပေးရန် ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့ပြီး ဖြစ်သောကြောင့် ယင်းကဲ့သို့ မေးခွန်းမေးမြန်းရခြင်း ဖြစ်ကြောင်း မေးခွန်းမေးမြန်းသူ ဒေါ်နန်းခမ်းအေးက ပြောကြားခဲ့သည်။                

S-01