News

POST TYPE

POLITICAL

ချင်းနိုင်ငံရေးပါတီနှစ်ခု ပူးပေါင်း၍ ပါတီသစ် ထောင်ရန် သဘောတူညီမှုရ
17-Jun-2017 tagged as

ရန်ကုန်၊ ဇွန် ၁၇

ချင်းနိုင်ငံရေးပါတီများဖြစ်သော ချင်း အမျိုးသား ဒီမိုကရက်တစ်ပါတီ(CNDP)နှင့် ချင်းတိုးတက်ရေးပါတီ(CPP)တို့ ပူးပေါင်းပြီး ချင်းပါတီသစ်တစ်ရပ် ထူထောင် ရန် ဇွန်လ ၁၅ ရက်နေ့တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း ယင်းပါတီဝင်များထံမှ သိရသည်။

ပါတီပေါင်းစည်းရေး လုပ်ငန်းစဉ်များကို နှစ်နှစ်ကြာ ဆောင်ရွက်ခဲ့ပြီးနောက်တွင် ဇွန်လ ၁၅ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ဗဟို အလုပ်အမှုဆောင် ကော်မတီ အဆင့်(CEC)အစည်းအဝေးတွင် ပေါင်းစည်းရန် ယင်းသို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသား ဒီမိုကရက် တစ်ပါတီ (CNDP) ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။

“ပါတီပေါင်းစည်းဖို့က လုပ်လာတာ ၂ နှစ်လောက် ရှိပါပြီ။ ပါတီပေါင်းစည်းရေးက လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အခုကျတော့ မြို့နယ်မှာရှိတဲ့ ပါတီ ကိုယ်စားလှယ် အသီးသီးဆီကနေ နှုတ်ပါးစပ်နဲ့ မဟုတ်ဘဲနဲ့ စာနဲ့ပေနဲ့ အကောင်အထည် ဖော်လိုက်တာပါ”ဟု ၎င်းက ဆိုသည်။

ချင်းနိုင်ငံရေးပါတီများ ပေါင်းစည်းရေးကို လွန်ခဲ့သည့် နှစ်နှစ်က ချင်းနိုင်ငံရေး ပါတီများဖြစ်သော ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ(CNDP)၊ ချင်းတိုးတက်ရေးပါတီ(CPP)နှင့် ချင်းဒီမိုကရေစီ အဖွဲ့ချုပ်(CLD)တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သော်လည်း အချို့သော ပြဿနာများကြောင့် နှစ်ပါတီသာ ပေါင်းစည်းနိုင်ခဲ့ကြောင်း ယင်းပါတီများထံမှ သိရသည်။

ပါတီနှစ်ခု၏ ပူးတွဲ ထုတ်ပြန်ချက်တွင် ချင်းပြည်နယ်အတွင်းရှိ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ ကလေး၊ တမူး စသည့် မြို့နယ်များမှ ကော်မတီဝင်များ၏ သဘော တူညီကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ချက်များနှင့်အညီ ပေါင်းစည်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပါတီ ပေါင်းစည်းရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ပါတီတစ်ခုလျှင် ကိုယ်စားလှယ် သုံးဦးပါဝင်သည့် လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီက ပါတီသစ် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဇိုဇမ်က ပြောသည်။

လက်ရှိတွင် ပါတီနှစ်ခုကို ဖျက်သိမ်းပြီး ပါတီသစ် မှတ်ပုံတင်ရေး လုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်နေပြီဖြစ်ရာ တစ်ဖက်တွင်လည်း နှစ်ဖက်ပါတီ အသီးသီး၏ မြို့နယ်အဆင့်ရှိ ပါတီဝင်များကို ပေါင်းစည်းရေးလုပ်ငန်းများကိုပါ တစ်ပြိုင်တည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်း ပါတီဝင်များထံမှ သိရသည်။

ပါတီရှေ့လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး “ပါတီသစ် ထူထောင်ပြီးတဲ့အခါ ရွေးကောက်ပွဲအတွက်က တစ်ကြောင်းပါ။ နောက်ပြီး တစ်တိုင်းပြည်လုံးအတွက် အရေးကြီးနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက်ပါ။ လက်ရှိ ဒီလုပ်ငန်းစဉ်တွေမှာ ချင်းပါတီတွေအနေနဲ့က ပါဝင်ခွင့် မရှိနေဘူး။ ဒီလောက် အရေးကြီးတဲ့ အနေအထားမှာ UPDJC က ခေါင်းဆောင်တွေက ကျွန်တော်တို့ကို အနိုင်မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ထားတာ။ ဒါက လူမျိုးတစ်မျိုးလုံးကို ကန့်သတ်လိုက်တဲ့သဘော ဖြစ်နေတာပါ။ အဲဒီဟာအပေါ်မှာလည်း ကျွန်တော်တို့ နည်းလမ်းရှာသွားမှာပါ”ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ(CNDP)ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။

ပါတီပေါင်းစည်းရေးအတွက် ချင်း ဒီမိုကရေစီ အဖွဲ့ချုပ်(CLD) က ဇွန်လ ၅ ရက်တွင် သဘောထား ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် ရေရှည် တည်တံ့သော ပါတီ ပေါင်းစည်းနိုင်ရေးအတွက် ချင်းလူမျိုးစု ပါတီများ အားလုံး ပါဝင်သည့် ချင်းမဟာမိတ် အဖွဲ့အဖြစ် ပေါင်းစည်းပြီး ၂၀၁၈ ခုနှစ်တွင် ကိုယ်စားလှယ်များ ပါဝင်သည့် ညီလာခံကျင်းပပြီးမှသာ ပါတီပေါင်းစည်းရေးကို အတည်ပြုနိုင်မည်ဟု ဖော်ပြထားသည်။

ချင်းပါတီများ ပေါင်းစည်းရေး ညှိနှိုင်း ကော်မတီဝင်တစ်ဦး ဖြစ်သည့် ဆလိုင်းကျဲ အိုဘိခ်ထောင်က “ဤတစ်ကြိမ်မှာ ၁၀ဝ ရာခိုင်နှုန်း ပေါင်းစည်းမှု မျှော်လင့်ခဲ့သလို မဖြစ်လာတဲ့အတွက် မိမိတို့အနေနဲ့ စိတ် မကောင်းပါ။ သို့သော် သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားရမှာပါ။ သူတို့အနေနဲ့ အဆင်သင့်ဖြစ်လာတဲ့တစ်ချိန်မှာ ကျွန်တော်တို့နဲ့ အချိန်မရွေး ပါဝင်လာအောင် တံခါးဖွင့်ထားပါတယ်။ မျှော်လင့်ရပါတယ်”ဟု ပြောကြားသည်။

ပါတီသစ်အနေနှင့် ပါတီပေါင်းစည်းရေးဖြစ်စဉ်တွင် အခြားချင်းနိုင်ငံရေးပါတီများ၊ ချင်းလူမျိုးကို အခြေခံသည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များလည်း ပါဝင်လာရေးအတွက် တံခါးဖွင့် ကြိုဆိုလျက်ရှိကြောင်း သဘောထား ထုတ်ပြန်ထားသည်။

J-09

  • TAGS