News

POST TYPE

POLITICAL

ယခင်အစိုးရ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးစရိတ်များကို ပြန်လည်စစ်ဆေးမည်
11-Jun-2017 tagged as အစိုးရ

ရန်ကုန်၊ ဇွန် ၁၀

ယခင်အစိုးရလက်ထက်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သုံးစွဲခဲ့ကြသည့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးစရိတ်များကို ခွင့်ပြုချက်များဖြင့် အသုံးပြုခဲ့ခြင်း ရှိမရှိကို ပြန်လည်၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးထံမှ သိရသည်။

ထိုသို့ ပြန်လည်စစ်ဆေးရာတွင် ရငွေနှင့် သုံးငွေများကို စစ်ဆေးသွားမည်ဖြစ်ပြီး ရငွေကို စစ်ဆေးရာ၌ ရသင့်ရထိုက်သည့်ငွေ ဟုတ်မဟုတ်နှင့် သုံးငွေကို စစ်ဆေးရာတွင် လွှတ်တော်နှင့် သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက် ပါမပါကိုပါ စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက The Voice သို့ ပြောကြားသည်။

“အရင်က ရငွေ သုံးငွေကိုပဲ စစ်တယ်၊ အခု ရငွေကော သုံးငွေကော စစ်ဆေးတာလည်း ပါမယ်။ ရငွေထဲမှာ ရသင့်ရထိုက်တဲ့ငွေလား ဆိုတာ စစ်ဆေးမယ်။ သုံးငွေထဲမှာ သုံးလိုက်တာတွေက ခွင့်ပြုချက်တွေ ပါသလားပေါ့။ သုံးသင့်သုံးထိုက်တဲ့ ငွေလား ဒါကို သုံးပါ့မယ် ဆိုတာကို သက်ဆိုင်ရာက ခွင့်ပြုချက် ယူထားလား ဆိုတာတွေပါ စစ်ဆေးသွားမယ်” ဟု ၎င်းက ပြောကြားသည်။

ထို့သို့ စစ်ဆေးများမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ရုံးများမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လုပ်ပိုင်ခွင့် အပြည့်အဝပေးရန် ပြန်တောင်းဆိုခဲ့ကြပြီး ယင်းစစ်ဆေးမှုအတွက် လုပ်ပိုင်ခွင့် အပြည့်အဝ ရှိကြောင်း၊ ပြဿနာ တစ်စုံတစ်ရာအတွက် မစိုးရိမ်ရန် ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဒေသဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးစရိတ်များကို ပြန်လည်စိစစ်ရန်အတွက် ညွှန်ကြားချက်ကိုလည်း ပြီးခဲ့သည့် မေ ၃၀ ရက်နေ့က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာရင်းစစ်ရုံးများသို့  ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ညွှန်ကြားချက် ပေးပို့ခဲ့သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး အတွက် စစ်ဆေးမှုကို လာမည့် စက်တင်ဘာလတွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားသော်လည်း လုပ်ငန်းပမာဏ ကြီးမားသည့်အတွက် အချိန်ကာလ သတ်မှတ်ချက် အတိအကျကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရသစ် လက်ထက်တွင် တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေ ၇ ဘီလီယံကို လွှဲပြောင်းပေးခြင်း မရှိသည့် ဖြစ်ရပ် ပေါ်ပေါက်ထားပြီး ဧရာဝတီ ဖွံ့ဖြိုးရေး ရန်ပုံငွေ ၅ ဘီလီယံ ကျော် အစိုးရသစ်ကို ပြန်လည် လွှဲပြောင်းမပေးသည့် ကိစ္စရပ်များလည်း ပေါ်ပေါက်ထားသည်။

J-18