News

POST TYPE

POLITICAL

ကိုယ်စားလှယ်များ အနေကျပ်သောကြောင့် လွှတ်တော် အဆောက်အအုံသစ် ဆောက်လုပ်ရန် ဆုံးဖြတ်ခြင်းဟုဆို
18-Aug-2016

တောင်ကြီး၊ သြဂုတ် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်ရှိပြီး လက်ရှိ အသုံးပြုနေရသည့် ရှမ်းပြည်နယ် လွှတ်တော် အဆောက်အအုံသည် ကိုယ်စားလှယ်များ ကျပ်ညပ်စွာ ထိုင်နေရသောကြောင့် လွှတ်တော် အဆောက်အအုံသစ် တည်ဆောက်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ယင်းလွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကျော်သူဇော်က ပြောကြားသည်။

''လက်ရှိ အဆောက်အအုံမှာက လွှတ်တော်ကိုယ်စားလှယ်တွေ ကျော်ခွ သွားနေရတဲ့ အနေအထား။ ရှိတဲ့လူနဲ့ ဘယ်လိုမှ ဝင်ဆံ့တဲ့ အနေအထား မဟုတ်ဘူး။ သူ့ အဆင့်နဲ့သူ ညီညွှတ်ဖို့တော့ လိုတယ်''ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ် လွှတ်တော်သည် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အများဆုံးရှိသည့် လွှတ်တော်ဖြစ်ပြီး ကိုယ်စားလှယ် ၁၃၇ ဦး ရှိကြောင်း၊ လွှတ်တော်သဘောအရ ပြည်လူထုက လာရောက် လေ့လာခွင့် ရှိသော်လည်း လက်ရှိတွင် ၁ဝ ဦးထက်ပို၍ လေ့လာခွင့် မရသည့်အပြင် သတင်းမီဒီယာများကိုလည်း လွှတ်တော်အဆောက်အအုံ အပြင်၌ နေရာ ချပေးရကြောင်း ဦးကျော်သူဇော်က ရှင်းပြသည်။

တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း သစ်တော်ရပ်ကွက်တွင် ရှိသည့် လက်ရှိ လွှတ်တော် အဆောက်အအုံသည် အစိုးရ အဆက်ဆက် အနေနှင့် လွှတ်တော် အဆောက်အအုံအဖြစ် သတ်မှတ်ထားပြီး အဆောက်အအုံနှင့် ကိုယ်စားလှယ် အရေအတွက်  လုံလောက်မှု ရှိကြောင်း၊ တောင်ကြီးမြို့ ကျက်သရေဆောင် ကျားခေါင်း အဆောက်အအုံ ဖြစ်သောကြောင့် အဆောက်အအုံသစ် မလိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက ပြောကြားသည်။

''အရင်အစိုးရက လုပ်မယ်ဆိုတဲ့ စီမံကိန်း၊ အရင်အစိုးရကို အားပေးတဲ့ လူတွေကနေပြီးတော့ အခုလက်ရှိ အစိုးရနဲ့ ပြည်သူတွေ ထိပ်တိုက်ဖြစ်အောင် လုပ်တဲ့ ဖန်တီးမှု တစ်ခုလို့ စုံစမ်း သိရှိရပါတယ်''ဟု ၎င်းကဆိုသည်။

လွှတ်တော်အသစ်တည် ဆောက်မည့်နေရာ၌ သက်တမ်းရင့် ထင်းရှူးပင်များရှိရာ ထင်းရှုးပင် များစွာ ခုတ်ထွင်ရမည် ဖြစ်ကြောင်း၊ မဖြစ်မနေ တည်ဆောက်ရမည် ဆိုပါက အခြားနေရာတွင် တည်ဆောက်သင့်ကြောင်း ရှင်သန်ရာ ကမ္ဘာမြေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင် ဒေါ်ချယ်ရီကျော်က ပြောကြားသည်။

ထင်းရှူးပင်များကို ခုတ်ထွင်၍ လွှတ်တော် အဆောက်အအုံသစ် ဆောက်မည့်ကိစ္စကို အတတ်နိုင်ဆုံး ကာကွယ်မည်ဖြစ်ကြောင်း စိမ်းလန်းမြေ အဖွဲ့ဝင် ဦးသောင်းရွှေက ပြောဆိုသည်။

''လိုအပ်လာရင်ပေါ့ ပြည်သူတွေကလည်း ပူးပေါင်း ပါဝင်မယ်ဆိုရင် အားလုံး ဆန္ဒနဲ့ လမ်းပေါ်မှာ လူထုအင်အား ပြသင့်ရင် ပြရမယ်''ဟု ချယ်ရီပုံရိပ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင် ဒေါ်ချိမြဦးက ပြောကြားသည်။

တောင်ကြီးမြို့တွင် နေထိုင်သည့် လူဦးရေ လေးသိန်းခန့်ကို ကိုယ်စားပြုသူများ အနေနှင့် လွှတ်တော် အဆောက်အအုံသစ် ဆောက်လုပ်မည့်ကိစ္စကို ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့နှင့် တွေ့ဆုံ ညှိနှိုင်းသင့်ကြောင်း၊ ရှမ်းပြည်နယ် လွှတ်တော်အနေနှင့် ပြည်သူ့ ဆန္ဒအတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကျော်သူဇော်က ပြောဆိုသည်။ 

လက်ရှိ လွှတ်တော် အဆောက်အအုံသည် ၁၉၅၂ ခုနှစ်က တည်ဆောက်ထားသော ကိုလိုနီခေတ် လက်ရာ အဆောက်အအုံဖြစ်ကြောင်း တောင်ကြီးမြို့ခံများထံမှ သိရသည်။

  • VIA