News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အပေါ် နိုင်ငံတကာ သတင်းဌာနများရဲ့ အမြင် (၂ )
17-Aug-2016


အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ တရုတ်သတင်းစာ China Daily ကတာ့ သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ကို နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်မယ့် ခရီးစဉ်အဖြစ် ခေါင်းစဉ်တပ် ဖော်ပြထားပါတယ်။

NLD အစိုးရ အာဏာ လွှဲပြောင်း ရယူပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တရုတ်နိုင်ငံသို့ အလည်အပတ် ခရီးစဉ်ဖြစ်တဲ့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်မယ့် ခရီးစဉ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရကြောင်း China Daily က ရေးသားထားပါတယ်။

မြန်မာနိုင်ငံဟာ လမ်းပန်း ဆက်သွယ်ရေးနဲ့ အခြား အခြေခံ အဆောက်အဦတွေ အားနည်းလျှက် ရှိနေပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အဦတွေ ပြုပြင် တည်ဆောက်ရာမှာ အကောင်းဆုံး အကူအညီပေးနိုင်တဲ့ နိုင်ငံဖြစ်ကြောင်းလည်း China Daily က ဖော်ပြ ထားပါသေးတယ်။

ဒါ့အပြင် မြစ်ဆုံ အရေးကိစ္စနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံကြား မှန်ကန်တဲ့ နားလည်မှု ရရှိအောင် ဆွေးနွေးသင့်ကြောင်း China Daily က တိုက်တွန်းထားပါတယ်။

ရေရှည်မှာ နှစ်နိုင်ငံအကြား နားလည်မှု ပိုမို ကောင်းမွန်လာဖို့အတွက် ပညာရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း ရှိသင့်ပြီး ပထမဆုံးအနေနဲ့ တရုတ် တက္ကသိုလ်တွေက မြန်မာကျောင်းသားတွေကို ဖိတ်ခေါ်ကာ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ကြားပေးတာမျိုး ဆောင်ရွက်သင့်ကြောင်း China Daily က ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

  • VIA