POST TYPE

POLITICAL

မိုးလွန်မှ ထွန်မချကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတိပေး
ရန်ကုန်၊ မေ ၁၉

ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်များ အနေနှင့် မိမိမဲဆန္ဒနယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီဆောင်ရွက်ရန် လိုအပ်ပြီး မိုးလွန်မှ ထွန်ချခြင်းမျိုး မဖြစ်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်များကို သတိပေးလိုက်သည်။

မေလ ၁၉ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမဲဆန္ဒနယ်မှ ကိုယ်စားလှယ်၏ ဖြစ်ရပ်တစ်ခုနှင့် ပတ်သက်၍ ဥက္ကဋ္ဌက သတိပေး ပြောဆိုခြင်း ဖြစ်သည်။

ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက်အတွင်းမှ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ရှိ ကျောင်းဆောင်တစ်ဆောင်ကို ဖျက်သိမ်းခွင့်ပြုကာ ယခု ၂၀၁၇-၁၈ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းဆောင်သစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိကို မေးမြန်းရာတွင် ပညာရေး ဝန်ကြီးဌာန အနေနှင့် ယခုနှစ်အတွက် ဘက်ဂျက်ရေးဆွဲရာတွင် မပါဝင်ခဲ့ခြင်းကြောင့် ဆောက်လုပ်ပေးရန် အစီအစဉ် မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းများ၊ အခွန်အကောက်ဆိုင်ရာ ကိစ္စများ၊ သုံးစွဲမည့် ဘဏ္ဍာငွေများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၏ ပြီးခဲ့သည့် အစည်းအဝေးများတွင် ဆွေးနွေးကာ ဥပဒေများ ရေးဆွဲပြဌာန်းပြီးဖြစ်ရာ ယခုအချိန်မှ တင်ပြခြင်းသည် မိုးလွန်မှ ထွန်ချနေသကဲ့သို့ ဖြစ်နေကြောင်း ဦးဝင်းမြင့်က ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် မိမိဒေသတွင် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများ၊ အစိုးရက သုံးစွဲမည့် ဘဏ္ဍာငွေများ၊ လုပ်ငန်းများကို ဥပဒေမပြုမီ ဆွေးနွေးစဉ် ကာလတွင်ပင် သေချာလေ့လာသင့်ကြောင်း ၎င်းက ဆိုသည်။

“မိုးလွန်မှ လိုက်ထွန်ချရတာ။ အဲဒါမဖြစ်သင့်ဘူး။ ကျွန်တော်ပြောချင်တာက တစ်နိုင်ငံလုံးရဲ့ အခွန်အကောက်၊ ဘက်ဂျက်၊ စီမံကိန်း အဲဒီသုံးခုဟာ လွှတ်တော်ထဲ ရောက်လာပြီဆိုရင် တစ်နိုင်ငံလုံးကို မကြည့်နိုင်ရင်တောင်မှ ကိုယ့်မဲဆန္ဒနယ်၊ ကိုယ့်မြို့မှာ ဖြစ်တဲ့ ကိုယ့်တိုင်းမှာ ဖြစ်တဲ့ ဘက်ဂျက်ကိစ္စကိုတော့ သေချာလေးတော့ ကြည့်ဖို့လိုမယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

ယခုဖြစ်စဉ်သည် ကိုယ်စားလှယ်များအတွက် ပထမဆုံး သင်ခန်းစာဖြစ်ပြီး နောင်တွင် နိုင်ငံတော်၏ အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်မည့် စီမံကိန်းများ၊ ဘဏ္ဍာငွေ အရအသုံးကိစ္စများနှင့် သက်ဆိုင်သည့် ဥပဒေကြမ်းများကို အထူးဂရုပြုကြရန် ဥက္ကဋ္ဌက ထပ်လောင်းပြောကြားသည်။