POST TYPE

POLITICAL

NLD နာယက ဦးတင်ဦး ကျန်းမာရေးအခြေအနေ စိုးရိမ်ရ

ရန်ကုန် ၊ မေ ၁၈

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ နာယက သူရဦးတင်ဦးသည် နေအိမ်တွင် ချော်လဲပြီး သတိလစ် မေ့မြောနေရာမှ သတိပြန်လည်လာပြီ ဖြစ်သော်လည်း စိုးရိမ်ရသည့် အနေအထားတွင် ရှိနေဆဲဟု ရန်ကုန်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက မေလ ၁၈ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။

NLD နာယက ဦးတင်ဦးသည် မေလ ၁၇ ရက်နေ့ ည  ၁၂ နာရီတွင် နေအိမ် ရေချိုးခန်းတွင် ချော်လဲပြီး သတိလစ်သွားသောကြောင့် ရန်ကုန်မြို့ ရွှေဂုံတိုင် SSC ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး ယင်းမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်သို့ ပြောင်းရွှေ့ ဆေးကုသ ခံယူနေရခြင်း ဖြစ်သည်။

သူရဦးတင်ဦး၏ အခြေအနေသည် အရေးပေါ် စောင့်ကြည့်နေရသည့် အနေအထားဖြစ်ပြီး ဆေးရုံမှ အထူးကု ဆရာဝန်ကြီးများ စောင့်ကြည့်နေကြောင်း ဒေါက်တာ အေးကိုကိုက ရှင်းပြသည်။

“စစ်ဆေးချက်အရတော့ ချော်လဲလို့ ခေါင်းကိုထိတယ်လို့တော့ မတွေ့ရဘူး။ ဦးနှောက်ကိုပို့တဲ့ သွေးကြော ပိတ်နေလို့ ရုတ်တရက် သတိလစ်သလို ဖြစ်ပြီးတော့ လဲကျသွားတာမျိုး ဖြစ်နိုင်ပါတယ်”ဟု ဒေါက်တာအေးကိုကိုက ဆိုသည်။

၎င်းသည် ရန်ကုန် အထွေထွေ ဆေးရုံကြီးသို့ မေလ ၁၇ ရက်နေ့ နံနက် ၃ နာရီတွင် ရောက်ရှိလာပြီး ရန်ကုန်ဆေးရုံကြီးရှိ ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ မေ့ဆေး ဆရာဝန်များ၊ အရိုးအကြော ဆရာဝန်ကြီးများ၊ နှလုံးရောဂါ အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အဖွဲ့က အစည်းအဝေး ဆုံးဖြတ်ပြီး လိုအပ်သည့် ကုသမှုများ ပြုလုပ်လျက်ရှိကြောင်း ဆေးရုံတာဝန်ရှိသူများထံမှ သိရသည်။

“သူ့ရဲ့ရောဂါကတော့ ဦးနှောက်ကိုပို့တဲ့ သွေးလွှတ်ကြောမှာ သွေးခဲဆို့ပြီး ပိတ်တာလို့ ယူဆရပါတယ်။ ကျွန်တော်တို့ ဆရာဝန်ကြီးတွေ ကြည့်ရှုပြီးတော့ လိုအပ်တဲ့ ဆေးဝါးတွေ၊ လိုအပ်တဲ့ ကုသမှုတွေ လုပ်ပေးနေပါတယ်”ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ဆိုသည်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီးရှိ အထူး ကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှုခံ ယူနေသော သူရ ဦးတင်ဦးသည် အသက်အရွယ်ကြီးရင့်မှုနှင့် မူလရှိပြီးသား ရောဂါ အခံများကြောင့် လက်ရှိတွင် ကုသရခက်ခဲနေပြီး အခြေအနေ တိုးတက်မှု မရှိသေးကြောင်း ၎င်းက ဆိုသည်။

“မနက်ပိုင်းကနေ ခုချိန်ထိတော့ ပုံမှန်ပါပဲ။ ဗြုန်းဒိုင်း ကောင်းလာတာမျိုးတော့ မရှိဘူး။ တုံ့ပြန်မှုတော့ ရှိပါတယ်။ လုံးဝဥဿုံ သတိကောင်းစွာ လည်လာတာမျိုးတော့ မရှိပါဘူး။ စကားကတော့ ဝူးဝူးဝါးဝါးလောက်ပဲ ပြောလို့ ရတယ်။ ကျွန်တော်တို့ရဲ့ ကုသိုလ်၊ သူရဲ့ ကုသိုလ်ကြောင့် ပြန်ကောင်းလာနိုင်တယ်”ဟု ဆေးရုံအုပ်ကြီးက ဆိုသည်။

ဆေးကုသမှု ခံယူနေသည့် ဦးတင်ဦးထံသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သွားရောက်ကြည့်ရှုခဲ့ပြီး မေလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့တော် ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိ စနေထောင့်တွင် နာယကကြီး ကျန်းမာရေး ကောင်းမွန်ရေးအတွက် ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။

သူရဦးတင်ဦးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ စတင် တည်ထောင်သည့် ခေါင်းဆောင်များတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တစ်ဦးလည်း ဖြစ်ကာ တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

လက်ရှိတွင် သူရ ဦးတင်ဦးသည် အသက် ၉၀ နီးပါးခန့်ရှိပြီ ဖြစ်သည်။

J-09