News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များကို ရွေးကောက်ပွဲ ကော်မရှင် အရေးယူမည်မဟုတ်
18-May-2017 tagged as


ရန်ကုန်၊ မေ ၁၈

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များကို နိုင်ငံရေးပါတီ ၁၃ ခုက တိုင်ကြားထားသည့် ကန့်ကွက်စာနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အရေးယူ ဆောင်ရွက်ရန် မရှိကြောင်း မေလ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ပါတီနာယက သူရဦးတင်ဦးနှင့် ဗဟို အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းထိန်တို့ကို ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်ငံပိုင် မီဒီယာများကို အသုံးပြု၍ မဲဆွယ်ခဲ့သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် ၁၃ ပါတီက ရွေးကောက်ပွဲ ကော်မရှင်ကို မေလ ၉ ရက်နေ့က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပချိန်တွင် အစိုးရအဖွဲ့မှ တာဝန်ယူသည့် တစ်နှစ်ပြည့် ကာလနှင့် တိုက်ဆိုင်မှုကြောင့် ယင်းသို့ ကန့်ကွက်မှုများ ဖြစ်ပေါ်လာသည်ဟု သုံးသပ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အနိုင်ရပါတီတို့မှ တာဝန်ရှိသူများက ပြည်သူလူထုကို ရှင်းလင်းတင်ပြ အသိပေးမှုသာ ရှိပြီး မဲဆွယ်စည်းရုံးသည့်သဘော မပါရှိခဲ့ဟု ကော်မရှင် အနေနှင့် သုံးသပ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အဆိုပါ ၁၃ ပါတီ၏ ကန့်ကွက်စာသည် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို ဧပြီ ၁ ရက်နေ့ ကျင်းပသည့်အပေါ် အကြောင်းပြုခြင်းဖြစ်ပြီး ယင်းသို့ကျင်းပခြင်းမှာ တိုင်းရင်းသားပြည်သူများ အကြံပြုတင်ပြချက်များကို ရယူ၍ သတ်မှတ်ခဲ့ခြင်းသာဖြစ်သည့်အတွက် အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦး အကြံပြု လမ်းညွှန်ခဲ့ခြင်း မဟုတ်ခဲ့ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုင်ကြားစာအပေါ် အရေးယူ ဆောင်ရွက်မှု မရှိဟုဆိုသည့် ကိစ္စရပ်ကို ၁၃ ပါတီအနေနှင့် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်ကြားခဲ့မှုတွင် ပါဝင်သည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းညွန့်က ပြောကြားသည်။

“ဒီအပေါ် ကျွန်တော်တို့ အနေနဲ့ ၁၃ ပါတီကို အစည်းအဝေး လုပ်ရမယ်၊ ကော်မရှင် ဆုံးဖြတ်ချက်က အပြီးသတ်သွားပြီး တစ်ခြားလမ်းကြောင်းက သွားရမယ်၊ ကျွန်တော်တို့ တိုင်းပြည်မှ အခြေခံဥပဒေ ခိုင်မာမှု ဘယ်လောက်အားကောင်းလဲ၊ တည်ဆဲဥပဒေပြဋ္ဌာန်းမှုတွေ ဘယ်လောက်ထိ အသက်ဝင်မှု ရှိတယ်ဆိုတာကို စမ်းသပ်ဖို့အတွက်ကတော့ ဒီဖြစ်ရပ်က သယ်ဆောင်လာပြီလို့ ပြောလို့ရတယ်”ဟု ၎င်းက ပြောကြားသည်။

ခင်မြတ်မြတ်ဝေ

  • TAGS