POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ်တို့ ဘေဂျင်းတွင် တွေ့ဆုံဆွေးနွေး
16-May-2017 tagged as

ရန်ကုန်၊ မေ ၁၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီရို ဂူတာရက်စ်တို့သည် တရုတ်နိုင်ငံ ဘေဂျင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ရခိုင်ပြည်နယ် ပဋိပက္ခများအကြောင်း ဆွေးနွေးခဲ့ကြကြောင်း ကုလသမဂ္ဂ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ နှစ်ရက်ကြာ ပြုလုပ်ခဲ့သော ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (One Belt and One Road) သို့ ထိပ်သီးခေါင်းဆောင်များ အသီးသီး တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလ အတွင်းရေးမှူးချုပ်တို့သည် မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် သီးခြားစီ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ယင်းဖိုရမ်ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် မေလ ၁၄ ရက်နေ့မှ စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ ကုလသမဂ္ဂ အတွင်းရေးမှူး မစ္စတာ အန်တိုနီရို ဂူတာရက်စ်၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ မစ္စတာ ဂျင်ယောင်ကင်မ် အပါအဝင် ၂၉ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ပြီး အခြေခံ အဆောက်အဦ၊ စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု၊ စွမ်းအင်နှင့် သယံဇာတ၊ ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့်ကဏ္ဍများကို ဆွေးနွေးနေကြခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ကုလအတွင်းရေးမှူးချုပ်ကို မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့် ဒုတိယအကြိမ် ၂၁ ရာစု-ပင်လုံညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားထားသည်။

၂၀၁၆ အောက်တိုဘာလကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် ၂၁ရာစု ပင်လုံညီလာခံတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

J-09

  • TAGS