News

POST TYPE

POLITICAL

NLD အစိုးရ၏ ငြိမ်းချမ်းရေး ဦးစားပေးမူဝါဒကို ဦးရဲထွဋ် ဝေဖန်

ရန်ကုန်၊ မေ ၁၄

NLD အစိုးရက ငြိမ်းချမ်းရေးကို ပထမ ဦးစားပေး လုပ်ဆောင်နေခြင်းသည် ဦးစားပေး မှားယွင်းမှုပင်ဖြစ်ပြီး လက်ရှိ နိုင်ငံအတွင်းတွင် ငြိမ်းချမ်းရေးထက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ဝေဖန် ပြောကြားလိုက်သည်။

မေလ ၁၄ ရက်နေ့၌  ရန်ကုန်မြို့ PARKROYAL ဟိုတယ်တွင် ပြုလုပ် ခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဦးရဲထွဋ်က ထိုကဲ့သို့ ဝေဖန်ပြောကြားလိုက်ခြင်း ဖြစ်သည်။

အစိုးရသစ်အနေနှင့် ငြိမ်းချမ်းရေးထက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး လုပ်ဆောင်ရန် လိုအပ်ပြီး ပြဿနာတိုင်း၌ လွှတ်တော်ထဲရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှဲမချသင့်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

“အစိုးရသစ်ရဲ့ပြဿနာက ဦးစားပေး မှားတယ်လို့ ကျွန်တော်ထင်တယ်။ ငြိမ်းချမ်းရေးဟာ အရေးကြီးတယ်လို့ပြောတာ နားထောင်လို့တော့ ကောင်းတယ်။ တကယ် လက်တွေ့မကျဘူး။ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထိခိုက်တဲ့ လူ အရေအတွက်က တိုင်းပြည်လူဦးရေ၊ နိုင်ငံရဲ့ နယ်မြေပမာဏက ဘယ်လောက်ပဲရှိလဲ။ ဒါပေမဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုက နေ့စဉ်နေ့တိုင်း လူတိုင်းကို သက်ရောက်နေတဲ့ ပြဿနာ။ ဒါက အစိုးရအပေါ်မှာ နိုင်ငံရေးအရ သက်ရောက်မှု အများကြီး ရှိတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

ထို့ပြင် အစိုးရတစ်ရပ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လိုပါက တိကျသည့် မူဝါဒနှင့် ယုံကြည်စိတ်ချရသည့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ရှိရန် လိုအပ်ပြီး စီမံကိန်းနှင့်ဘဏ္ဍာငွေကြေး ကိစ္စများကိုလည်း စောင့်ကြည့်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

မြန်မာနိုင်ငံ အနေနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနှင့် မြန်မာ့ လူ့အဖွဲ့အစည်းကို သဟဇာတဖြစ်သည့် လူ့အသိုင်းအဝိုင်းအဖြစ် တည်ဆောက်နိုင်ခြင်းစသည့် အချက် သုံးချက်ကို ဆောင်ရွက်နိုင်မည်ဆိုပါက ၂၀၂၀ တွင် ပိုမိုကောင်းမွန်သော ဒီမိုကရေစီ အခြေအနေကို ဖော်ဆောင်နိုင်သော မြန်မာနိုင်ငံအဖြစ် မျှော်မှန်းနိုင်မည်ဟု ၎င်းက အကြံပြု ပြောဆိုသည်။

အလားတူ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲတွင် ဦးဆောင် ဆွေးနွေးသူတစ်ဦး ဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးကိုကိုကြီးက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးထက် အခြားသော ပြဿနာများကို ဦးစားပေးနေခြင်းသည် ကောင်းမွန်သော အဖြေတစ်ခုကို မရနိုင်ဟု သုံးသပ် ပြောဆိုသည်။

“လက်တွေ့ဘဝဆိုတာက ကျွန်တော်တို့ သာမန်ပြည်သူ တစ်ဦးချင်းရဲ့ လူမှုစီးပွားဘဝပဲ။  ဖွဲ့စည်းပုံ၊ ဖက်ဒရယ် ရွေးကောက်ပွဲ စတဲ့နိုင်ငံရေး ဝေါဟာရတွေက အောက်ခြေမှာရှိတဲ့ သာမန်ပြည်သူတွေ နဲ့ သဟဇာတမဖြစ်ဘူး။ ဒီလိုစကားလုံးတွေက သူတို့တွေအတွက် ဘာမှသက်ရောက်မှု မရှိဘူး”ဟု ၎င်းက ဆိုသည်။

စီးပွားရေး ကဏ္ဍကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ဆက်စပ် အသုံးချမှုများ မရှိဘဲ နိုင်ငံရှေ့ဆက်ရာတွင် အခက်အခဲများ ရှိနိုင်ပြီး နိုင်ငံ၏ စီးပွားရေး အကျပ်အတည်း ကိစ္စများနှင့် အလုပ်အကိုင် ရှားပါးမှု ကိစ္စများတွင် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ရန်လိုအပ်သည်ဟု ၎င်းက အကြံပြု ဆွေးနွေးခဲ့သည်။

မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲကို ၈၈ မျိုးဆက် ကျောင်းသားဟောင်း ဦးကိုကိုကြီး၊ ယခင်အစိုးရ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့က ဦးဆောင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယခင်အစိုးရလက်ထက်၌ ပြန်ကြားရေး ဝန်ကြီးဟောင်းအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော ဦးရဲထွဋ်သည် လက်ရှိအချိန်၌ ကြံ့ခိုင်ရေးပါတီမှ အရန်ဗဟို ကော်မတီဝင် တစ်ဦးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသူတစ်ဦးဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ စီးပွားရေး၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

J-09