News

POST TYPE

POLITICAL

NCA လက်မှတ် ထိုး မထိုး ပါတီဗဟိုကော်မတီတွင် ဆုံးဖြတ်မည်ဟု KNPP ဆို
13-May-2017 tagged as NCA UNFC KNPP

ရန်ကုန်၊ မေ ၁၃

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေး ထိုး မထိုးကို လာမည့် ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ဗဟိုကော်မတီဝင် ခူပလူးရယ်က The Voice သို့ ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၏ ၁၃ ကြိမ်မြောက်ညီလာခံကို ကျင်းပခဲ့ပြီး ယင်းညီလာခံတွင် NCA လမ်းကြောင်းကို သုံးသပ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်မှတ် ထိုး မထိုးကို အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်း မရှိဘဲ လာမည့် ပါတီဗဟိုကော်မတီ အစည်းအဝေးတွင်မှ ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ခူပလူးရယ်က ဆိုသည်။

ပါတီ ဗဟို ကော်မတီ အစည်းအဝေးကို မေလ ၁၈ ရက်နှင့် ၂၀ ရက်ကြားတွင် ပြုလုပ်သွားရန် ရှိနေပြီး လက်မှတ် ထိုး မထိုးက UNFC က တောင်းဆိုထားသည့် တောင်းဆိုချက်များနှင့် ပတ်သက်၍ အာမခံချက် ပေးနိုင်မှုအပေါ် မူတည်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

“NCA လမ်းကြောင်း သွား မသွားဆိုတာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အာမခံချက် ရှိ မရှိ အပေါ်မှာ မူတည်တယ်”ဟု ၎င်းက ဆိုသည်။

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီသည် ပြီးခဲ့သည့် ရက်ပိုင်းက ပါတီ ၁၃ ကြိမ်မြောက် ပါတီညီလာခံတွင် ပါတီ၏  လက်ရှိဥက္ကဋ္ဌ ခွန်အေဘယ်တွိဒ်ကို ပြန်လည် ရွေးချယ်ခဲ့ကြပြီး အမြဲတမ်း ပါတီဗဟို ကော်မတီဝင် ၃ ဦး၊ ပါတီဗဟို ကော်မတီဝင် ၁၇ ဦး၊ အရန်ပါတီ ဗဟိုကော်မတီဝင် ၁၂ ဦးတို့အား အတည်ပြု ရွေးချယ်ခဲ့ကြောင်း KNPP ထံမှ သိရသည်။

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး ကယားပြည်နယ်နှင့် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

KNPP ကို ၁၉၅၇ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုမှာ ၂၀၁၂ ခုနှစ်အတွင်းကသာ ဖြစ်ပွားခဲ့ပြီး ယင်းနောက်ပိုင်းတွင် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း မရှိပေ။

J-08