News

POST TYPE

POLITICAL

တိုက်ပွဲကြောင့် မန်တုံဒေသခံများ ရွာလုံးကျွတ် နေရပ်စွန့်ခွာ
13-May-2017 tagged as တိုက်ပွဲ


လားရှိုး၊ မေ ၁၃ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ဒေသခံများသည် ရွာလုံးကျွတ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြောင်း ယင်းဒေသခံများထံမှ စုံစမ်း သိရှိရသည်။

မေလ ၅ ရက်နေ့မှစတင်ကာ မန်တုံမြို့နယ်၊ တောနေရွာနှင့် မန်စပ်ရွာအကြားတွင် TNLA လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ၎င်းတို့က ပြောဆိုသည်။ 

“လက်နက်ကြီးတွေနဲ့ ပစ်တာဆိုတော့ ရွာထဲကို လက်နက်ကြီး ကျမှာ ကြောက်ရတယ်။ လက်နက်ကိုင်အဖွဲ့ ရွာထဲဝင်လာမှာကိုလည်း ကြောက်တယ်။ ဒါကြောင့် တစ်ရွာလုံး ထွက်ပြေးခဲ့ကြတာပါ”ဟု မန်တုံမြို့နယ် အတွင်းရှိ မန်စပ်ရွာ ဒေသခံတစ်ဦးက ဆိုသည်။

မန်တုံမြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ အိမ်ထောင်စုပေါင်း ၈၄ စု၊ အမျိုးသား ၉၈ ဦး၊ အမျိုးသမီး ၁၅၇ ဦးတို့သည် နမ္မတူမြို့ရှိ၊ ရွှေမြင်သာ ဘုန်းတော်ကြီး ကျောင်းသို့ လာရောက် ခိုလှုံခဲ့သည့်အတွက် ထောက်ပံ့ရေး ရိက္ခာနှင့် ပစ္စည်းများကို မေလ ၁၅ ရက်နေ့တွင် သွားရောက် ကူညီမည်ဖြစ်ကြောင်း လားရှိုးခရိုင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

နမ္မတူမြို့ပေါ်တွင် စစ်ရှောင်သူများ ကယ်ဆယ် စောင့်ရှောက်ရေးစခန်း ငါးခုရှိပြီး တိုက်ပွဲများကြောင့် စစ်ရှောင်ခိုလှုံနေသူများသည် နေရပ် မပြန်နိုင်သေးကြောင်း ယင်းစခန်း တာဝန်ရှိသူများထံမှ သိရသည်။

R-07