News

POST TYPE

POLITICAL

ဝန်ကြီးချုပ်ဟောင်းများ၏ ငွေကြေးအရှုပ်တော်ပုံကြောင့် ပါတီပုံရိပ် ထိခိုက်ဟု ကြံ့ခိုင်ရေးပြော
12-May-2017 tagged as usdp

နေပြည်တော်၊ မေ ၁၂

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူအချို့၏ ငွေကြေးအရှုပ်တော်ပုံ သတင်းများကြောင့် ပါတီ၏ပုံရိပ်ကို ထိခိုက်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပညာရေး ဌာနကြီးမှူး ဦးလှသိန်းက ပြောဆိုလိုက်သည်။

နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် မေလ ၁၂ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ငွေကြေးအရှုပ်တော်ပုံများနှင့် ပါတီပုံရိပ် ထိခိုက်မှုအပေါ် သတင်းမီဒီယာများက မေးမြန်းရာ ယင်းပါတီ ပညာရေးဌာနကြီးမှူး ဦးလှသိန်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“သူတို့က ပါတီဝင်ဖြစ်ခဲ့တဲ့အတွက် ပါတီပုံရိပ် အနည်းနဲ့အများ ထိခိုက်မှု ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ငွေကြေးကိစ္စများမှာ ကာယကံရှင်များနှင့်သာ တိုက်ရိုက်သက်ဆိုင်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မသက်ဆိုင်ကြောင်း၊ ယင်းငွေကြေးကိစ္စများဖြင့် ပါတီကို စွပ်စွဲသိက္ခာချခဲ့လျှင် ဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ဦးလှသိန်းက ဆိုသည်။

တိုင်းဒေသကြီး အစိုးရဟောင်းအချို့ ငွေကြေးအလွဲသုံးစားလုပ်ခြင်း အတွက် ယင်းငွေကြေးများကို ကိုင်တွယ်သုံးစွဲခဲ့သူများ ဖြေရှင်းရမည်ဖြစ်ပြီး အဆိုပါ ဘဏ္ဍာငွေများကို နိုင်ငံတော်က ပြန်ရရန် အရေးကြီးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာလှမိုးက မှတ်ချက်ပြုသည်။

မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဖြစ်ပွားနေသော ငွေကြေးအရှုပ်အရှင်းများနှင့် သက်ဆိုင်သည့် စာရင်းဇယားများမှာ ကာယကံရှင်များထံတွင် ရှိကြောင်း၊ ယင်းငွေကြေးများကို ပါတီက တစ်ပြားတစ်ချပ်မျှ ရယူထားခြင်း မရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူများက ဆိုထားသည်။