News

POST TYPE

POLITICAL

ပင်လုံညီလာခံအပြီးတွင် တိုင်းနှင့် ပြည်နယ်များ၌ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်ရန်စီစဉ်
17-Aug-2016
သြဂုတ် ၃၁ ရက်မှ စတင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ ပထမအစည်းအဝေးအပြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်ရန် စီစဉ်ထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောကြားသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် နှစ်ရက်ကြာ ပြုလုပ်သော UPDJC အစည်းအဝေးအပြီးတွင် ယင်းသို့ ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းက မီဒီယာများကို ပြောကြားခြင်း ဖြစ်သည်။

ခြောက်လတစ်ကြိမ် ကျင်းပမည့် ညီလာခံကို အစိုးရသက်တမ်းတစ်ခုအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အခြေအနေအရ တစ်စိတ်တစ်ပိုင်းကို သဘောတူသည် ဖြစ်စေ၊ အားလုံးကို သဘောတူသည်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ ညီလာခံမှ ထွက်ပေါ်လာမည့် ဖက်ဒရယ်  ဒီမိုကရေစီ အခြေခံဥပဒေကို အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုထားသည်။

ဆက်လက်ပြုလုပ်မည့် အစည်းအဝေးများကို  အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ လူမျိုးအလိုက် ပြုလုပ်မည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် မူဝါဒ အကြောင်းအရာအလိုက် ပြုလုပ်မည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများဟု အမျိုးအစားများ ခွဲ ခြားထားပြီး ရရှိလာသည့် အကြံပြုချက်များနှင့် မူကြမ်းများကို ညီလာခံတွင် တင်သွင်းရမည်ဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆိုသည်။
"သတ်မှတ်နိုင်တဲ့ စံချိန်စံညွှန်းတော့ ရှိရပါမယ်၊ လူငါးယောက် ခြောက်ယောက်လောက်နဲ့ တစ်ပြည်နယ်လုံးကို ကိုယ်စားပြုလုပ်လို့တော့ မရပါဘူး၊ စံချိန် စံညွှန်း အသေးစိတ်ကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန် ရေးဆွဲပြီးတော့ လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တင်သွင်းသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

ငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲသို့ ညီလာခံတက်ရောက်ရန် လူဦးရေ ၁၅၀၀ ခန့်ကို လျာထားပြီး တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် လက်မှတ်ရေးထိုးထားခြင်း မရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ (၂၀၀) ဦး တက်ရောက်ရန် လျာထားထားကြောင်း ဦးလှမောင်ရွှေက ရှင်းပြသည်။ 


  • VIA