News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ထိပ်ပိုင်းခေါင်းဆောင်များကို ၁၃ ပါတီက ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြား
ရန်ကုန်၊ မေ ၉

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များကို ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ကျင့်ဝတ် ဖောက်ဖျက်မှု ကျူးလွန်ခဲ့ကြောင်း ပါတီ ၁၃ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီနာယက ဦးတင်ဦးနှင့် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အတွင်းရေးမှူး ဦးဝင်းထိန်တို့၏ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ ဆောင်ရွက်ချက်များသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ဖောက်ဖျက်ရာ ရောက်ကြောင်း အဆိုပါ တိုင်ကြားစာတွင် ဖော်ပြထားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရသစ် တာဝန်ယူမှု တစ်နှစ်ပြည့် မိန့်ခွန်းကို နိုင်ငံပိုင် မီဒီယာများမှ မတ်လ ၃၀ ရက်နေ့က ပြောကြားမှုသည် အစိုးရ တစ်နှစ်ပြည့် မိန့်ခွန်းဟု ဆိုသော်လည်း ကြားဖြတ်ရွေးကောက်ပွဲနှင့် အချိန်ကိုက်လျက် NLD ပါတီ၏ နိုင်ငံရေး ရည်မှန်းချက်များ ပါဝင်သော စည်းရုံး လှုံ့ဆော်မှုများ ပါနေကြောင်း၊ ယင်းမိန့်ခွန်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုများ မပြုလုပ်ရဟု တားမြစ်ထားသည့် မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများတွင် အပြည့်အစုံ ပြည်လည် ဖော်ပြခြင်းသည် ကော်မရှင်က တရားဝင် ထုတ်ပြန်ထားသည့် အမိန့်ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်ကြောင်း တိုင်ကြားစာတွင် စွပ်စွဲထားသည်။

အလားတူ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့သည်လည်း မတ်လ ၃၁ ရက်နေ့ ညပိုင်းတွင် နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် သဘောထားအမြင် တင်ပြချက် အကြောင်းပြ၍ ပါတီမူဝါဒများကို ချပြပြီး စည်းရုံးရေး ပြုလုပ်ခဲ့ကြောင်း တိုင်ကြားချက်တွင် ဖော်ပြထားသည်။

တိုင်ကြားစာကို မေလ ၈ ရက်နေ့က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ် စသည်တို့ အပါအဝင် အတိုက်အခံ ပါတီခေါင်းဆောင် ၁၃ ဦးက လက်မှတ် ရေးထိုး၍ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းပါတီများထံမှ သိရသည်။

တိုင်ကြားမှုတွင် ပါဝင် လက်မှတ်ထိုးထားသည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ရွေးကောက်ပွဲ မှတ်ပုံတင် ဥပဒေ နိုင်ငံရေး ပါတီတို့၏ ကျင့်ဝတ်များကို ချိုးဖောက်ရာ ရောက်ခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံပိုင် မီဒီယာကို အစိုးရတစ်ရပ်က အသုံးပြုရာ၌ အခြေအနေ အချိန်အခါကို မူတည်နေပြီး ရွေးကောက်ပွဲ ဧပြီလ ၁ ရက်နေ့ ကျင်းပမည်ကို မတ်လ ၃၁ ရက်နေ့တွင် ဟောပြောခဲ့မှုသည် မလုပ်သင့်သည့် အခြေအနေဖြစ်ကြောင်း ဦးသိန်းညွန့်က ထောက်ပြသည်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီအပေါ်မှာ ဘယ်လိုမျိုး တုံ့ပြန်မလဲဆိုတာ နိုင်ငံရေးပါတီတွေက စောင့်ကြည့်ပြီးတော့ ဥပဒေကြောင်းအရ မညီဘူးဆိုရင်တော့ ကျွန်တော်တို့ ပြောရမှာပဲ။ တရားဥပဒေ မစိုးမိုးမှုတွေ ပေါ်လာရင် မတည်ငြိမ်မှုပေါ်လာမှာဖြစ်လို့ ဥပဒေဘောင်အတွင်းက တိုင်ကြားတာ ဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် ကြံ့ခိုင်ရေးပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ကလည်း “နိုင်ငံ့ ဦးဆောင် နိုင်ငံရေးပါတီတစ်ခုက ရွေးကောက်ပွဲနေ့မှာ ဒီလိုမျိုး ပြုလုပ်တာက အစဉ်အလာ ဖြစ်သွားမှာစိုးလို့ တိုင်ကြားတာဖြစ်ပါတယ်”ဟု ပြောဆိုသည်။

အဆိုပါ တိုင်ကြားချက်နှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ဆက်သွယ် မေးမြန်းရာ ကော်မရှင် အတွင်းရေးမှူး ပြောရေးဆိုခွင့်ရှိသူ ဦးတင်ထွန်းမှာ ပြည်ပခရီးစဉ် သွားနေပြီး အဆိုပါကိစ္စကို ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မဲဆန္ဒနယ် ၁၉ နေရာတွင် ၉ နေရာ အနိုင်ရခဲ့သည်။

J-08