News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ယနေ့သွားမည်
17-Aug-2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ကိစ္စရပ်များကို ဆွေးနွေးရန် တရုတ်နိုင်ငံသို့ သြဂုတ်လ ၁၇ ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနထံမှ သိရသည်။

ယင်းခရီးစဉ်သည် သြဂုတ်လ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ထိ ကြာမြင့်မည်ဖြစ်ပြီး တရုတ်ဝန်ကြီးချုပ် လီခကျင်း အပါအ၀င် အခြား ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောကြားသည်။

ယင်းခရီးစဉ်တွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးအချို့လည်း လိုက်ပါမည်ဟု ၎င်းက ဆိုသည်။

"သွားတာက ချစ်ကြည်ရေး သဘောမျိုးပေါ့။ သူတို့ဘက်က အစိုးရသစ်ကို ထောက်ခံ အားပေးပါတယ်ဆိုပြီး ဖိတ်တယ်။ ဖိတ်ကြားချက်ကို 
လက်ခံပြီး သွားတာပေါ့။ နှစ်ဖက်ဆွေးနွေးမှုမှာ ဘာတွေပါမလဲ ဆိုတာမျိုးတော့ အသေးစိတ် မသိရပါဘူး" ဟု ၎င်းက ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးရယူပြီးနောက် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ စသည်တို့ကိုသာ သွားရောက်ခဲ့ပြီး ယခု ခရီးစဉ်သည် ၎င်း၏ အာဆီယံပြင်ပသို့ ပထမဦးဆုံး သွားရောက်မည့်  ခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။

တရုတ်နိုင်ငံသို့ သွားရောက်ပြီး နောက်ထပ် အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သော အမေရိကန် ပြည်ထောင်စုသို့  စက်တင်ဘာလတွင် သွားရောက်ရန် အကြမ်းဖျင်း စီစဉ်ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

  • VIA